နေပြည်တော်၊ ဇန်နဝါရီလ ၂၈
တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်နိုင်ခဲ့သည်။ အသည်းအစားထိုးခွဲစိတ်ကုသမှုအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှု ၃ ကြိမ်၊ လူနာ ၉ ဦး နှင့် ၂၀၂၄ ခုနှစ်အတွင်း လူနာ ၉ ဦးတို့အား အောင်မြင်စွာ ထပ်မံခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယခုအခါ အဋ္ဌမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး ပထမနေ့အသည်းအစားထိုးခွဲစိတ်ကုသမှုကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှု အဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ တပ်ကြပ်ကြီး နေလင်းဦး နှင့် အသည်းအလှူရှင် ဆရာတော် ဥူးမာနိတ တို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင်ထံမှ အသည်း ထုတ်ယူခြင်းကို နံနက် ၉ နာရီခွဲအချိန်တွင်စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၅ နာရီအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်နှင့် အသည်းလက်ခံလူနာ များ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူအရာရှိကြီးများက ကြည့်ရှု အားပေးခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
#MNP #News #Health
Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق