မြန်မာ - လာအို နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများအား ပူးပေါင်းတိုက်ဖျက်ရေး၊ တရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး ဆွေးနွေးခဲ့ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ - လာအို နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများအား ပူးပေါင်းတိုက်ဖျက်ရေး၊ တရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး ဆွေးနွေးခဲ့ပြီ




နေပြည်တော်၊ ဇန်နဝါရီ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့၏ (၉) ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြည်ထဲရေးဝန်ကြီးဌာနနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး မွန်းလွဲပိုင်းတွင်(၉)ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကို ဗီယင်ကျန်းမြို့ရှိ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အရာရှိကြီးများနှင့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး Vilay LAKHAMPONG (ဗီလေးလက်ခမ်ဖုန်) ဦးဆောင်သည့် အရာရှိကြီးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာ - လာအို နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဆက်သွယ်ရေးစနစ်အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများအား ပူးပေါင်းတိုက်ဖျက်ရေး၊ တရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးများ(BLOs) အကြား ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများမှတစ်ဆင့် လူနှင့်ကုန်ပစ္စည်းများ တရားမဝင် ဝင်/ထွက်သွားလာမှုမရှိ စေရေးအတွက် သက်ဆိုင်ရာပြည်တွင်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ရာဇဝတ်မှုကျူးလွန်ပြီး ဝရမ်းပြေးများအဖြစ် ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများ၊ အဖွဲ့ဝင်များကို ရှာဖွေဖော်ထုတ်ဖမ်းဆီးလွှဲပြောင်းပေးရေးနှင့် တားဆီးထိန်းချုပ်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနနှစ်ခုအကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ်တစ်ရပ်ထားရှိရေးတို့ကို ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များအား ထိရောက်အကျိုးရှိစွာ ဆက်လက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစည်းအဝေးမှတ်တမ်းကို နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။

ညနေပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး Vilay LAKHAMPONG (ဗီလေးလက်ခမ်ဖုန်) တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။

ထို့ပြင် ခရီးစဉ်အတွင်း မြန်မာ-လာအို နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြကြောင်း သတင်းရရှိသည်။


#MNP #News #Myanmar #Lao

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)