ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



နေပြည်တော်၊ ဇန်နဝါရီ ၂၂

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီ လီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၅ ရက်တွင် ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ Concession Agreement ၏ နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကို ၁၈ လကာလ သက်တမ်းတိုးပေးခဲ့ကြောင်း။

Long Stop Date သက်တမ်းတိုးမြှင့်ထားသည့်ကာလမှာ ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်တွင် ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါသက်တမ်း မပြည့်မြောက်မီ နှစ်လအလိုဖြစ်သည့် ၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်မတိုင်မီ လုပ်ငန်းများပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည့်အတွက် သတ်မှတ်ရက်မရောက်မီ လုပ်ငန်းများပြီးစီးအောင်‌ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့အတူ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သော သဘောတူစာချုပ် (Share-holders’ Agreement) တွင် ဖော်ပြထားသည့်အတိုင်း မြန်မာ-တရုတ်နှစ်ဖက်အနေဖြင့် စီမံကိန်းမစတင်မီ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် စာချုပ်ပါအချက် ၁၆ ချက်အနက် မြန်မာဘက်က ဆောင်ရွက်ရမည့်အချက် ၁၀ ချက်၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရမည့်အချက်လေးချက် စသည့်လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်တမ်းတိုးမြှင့်ထားသည့် ကာလသည် ၂၀၂၅ ခုနှစ် ဇွန် ၂၅ ရက် မတိုင်မီသက်ဆိုင်ရဌာနများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို Timeline ချမှတ်၍ ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အသေးစိတ်ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)