စာရင်းများအားလုံးပြည့်စုံမှန်ကန်မှသာ နိုင်ငံ၏စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို မှန်ကန်စွာတွက်ချက်နိုင်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

စာရင်းများအားလုံးပြည့်စုံမှန်ကန်မှသာ နိုင်ငံ၏စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို မှန်ကန်စွာတွက်ချက်နိုင်မည်


နေပြည်တော်၊ ဇန်နဝါရီ ၂၂

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၄-၂၀၂၅)ကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီအဖွဲဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကဏ္ဍအလိုက်လုပ်ငန်းအဖွဲဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာဌာန ပါမောက္ခ၊ မြန်မာနိုင်ငံစာရင်းအင်းပညာအသင်းဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏စီးပွားရေးတွင် လယ်ယာ၊ သားငါး၊ စက်မှု စသည့်ထုတ်လုပ်မှုကဏ္ဍများ၏ စာရင်းများ တိကျမှန်ကန်မှုရှိရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ဧက၊ ရိတ်သိမ်းဧက၊ အထွက်နှုန်း၊ စားသုံးမှု၊ ပြည်ပတင်ပို့မှု၊ လက်ကျန်ပမာဏ စသည့်စာရင်းအင်းကိန်းဂဏန်းများသည် အမှန်တကယ်မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိရန်လိုအပ်ကြောင်း၊ ထို့အတူ ပြည်ပကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ငွေကြေးနှင့် လူမှုရေးဆိုင်ရာစာရင်းများအားလုံး ပြည့်စုံမှန်ကန်မှသာ နိုင်ငံ၏စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို မှန်ကန်စွာတွက်ချက် နိုင်မည်ဖြစ်ပြီး နှစ်အလိုက် အမျိုးသားစီမံကိန်းများ၊ ရည်မှန်းချက်များကို ထိရောက်အောင်မြင်စွာရေးဆွဲချမှတ် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း။

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကို နေပြည်တော်ကောင်စီ နယ်မြေ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန် နှင့် ဧရာဝတီတိုတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာ အတွင်း ကောက်ယူခဲ့ကြောင်း၊ နိုင်ငံ၏ MSMEs ထုတ်လုပ်မှုကဏ္ဍ ဖွံဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်ရေး၊ MSMEs နှင့် ပတ်သက်သည့်မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် စစ်တမ်းရလဒ်များသည် မှန်ကန်ပြည့်စုံမှုရှိရမည်ဖြစ်ကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်ရှိဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ပစ္စည်း ဈေးနှုန်းများ၊ ဈေးကွက်အတွင်း ကုန်စည်စီးဆင်းမှု၊ စိုက်ပျိုးထုတ်လုပ်မှု၊ အထွက်နှုန်း၊ စားသုံးမှု၊ လက်ကျန် စသည့်ကိန်းဂဏန်းအချက်အလက်များ ကောက်ယူတင်ပြရာတွင် မှန်ကန်မှုရှိရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း။

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူရာတွင် သက်ဆိုင်ရာဌာနအလိုက် အခြေခံစာရင်းများရှိမှသာ ပျက်စီးဆုံးရှုံးမှုစာရင်းနှင့် တန်ဖိုးများကို ပြုစုတွက်ချက်နိုင်မည်ဖြစ်၍ ဌာန၊ အဖွဲ့အစည်းအားလုံးက အခြေခံစာရင်းများကို ပြည့်စုံမှန်ကန်စွာပြုစုထားရန်နှင့် ပုံမှန် Update ပြုလုပ်ရန်လိုအပ်ကြောင်း၊ ကောက်ယူရာတွင်လည်း တူညီသည့် Format နှင့် စာရင်းများကောက်ယူပြီး One Mechanism, One Data, One Source ဖြစ်စေရေးပေါင်းစပ် ညှိနှိင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ချက်ချင်း၊ ကာလတို၊ ကာလလတ်နှင့် ကာလရှည်အစီအမံများ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန်အတွက် ပျက်စီးဆုံးရှုးမှု စာရင်းအင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေး သည် အရေးကြီးကြောင်းပြောကြားသည်။

ထိုနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ ညွှန်ကြားရေးမှူးချုပ်က စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ စာရင်းအင်းကဏ္ဍအလိုက် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာသူများက စာရင်းအင်းအချက်အလက်မှန်ကန်ရေး၊ အရည်အသွေးပြည့်ဝရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)