Pages

Pages

မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code) အကောင်အထည်ဖော်ရေးဦးစီးကော်မတီ အစည်းအဝေး(၁/၂၀၂၅) ကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၁၉

မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ(Myanmar National Building Code)အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ အစည်းအဝေး(၁/၂၀၂၅)ကို ယနေ့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ရုံး Conference Room ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံအဆောက်အအုံ ဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင် အထည်ဖော်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံအဆောက် အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ရေးဆွဲ ပြုစုရေးဆပ်ကော်မတီနှင့် အထပ်မြင့်နှင့် အများ ပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံ ကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများ၊ အသင်းအဖွဲ့များနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက် များ(MNBC)ကို ၂၀၂၀ ပြည့်နှစ်တွင် နောက်ဆုံးပြင်ဆင်အတည်ပြုထားသည်ဖြစ်၍ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် (MNBC-2020)ကို လိုအပ်သည်များ ပြင်ဆင် ဖြည့်စွက်၍ MNBC-2025 အဖြစ် အတည်ပြုထုတ်ဝေလိုကြောင်း၊ ယခုအစည်းအဝေးတွင် နယ်ပယ်အလိုက် ပညာရှင်များက ဘက်စုံထောင့်စုံမှ ပါဝင်ဆွေးနွေးပေး စေလိုကြောင်း၊ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ရေးဆွဲပြုစုရေး ဆပ်ကော်မတီကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ချုပ်က ဦးဆောင်၍ သက်ဆိုင်ရာ Technical Work- ing Group အဖွဲ့ခေါင်းဆောင်များ၊ ဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး ပြုစုရေးဆွဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရ သည့်အတွက် ဝမ်းမြောက်ကြောင်း၊ MNBC-2025 အား ၂၀၂၅ ခုနှစ် မတ်လတွင် ဖြန့်ဝေနိုင်ရေး ဆောင်ရွက်ရန်နှင့် ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာနှစ် တွင် အသုံးချနိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ အထပ်မြင့်နှင့် အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက် များရေးဆွဲပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင် စန်းတို့က လုပ်ငန်းနယ်ပယ်အလိုက် တိုးတက် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ နည်းပညာ များ၊ လိုအပ်ချက်များ ပြင်ဆင်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေမှု၊ ရေးဆွဲပြုစုရေးနှင့်စပ်လျဉ်း၍ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒေါက်တာ ဉာဏ်မြင့်ကျော်နှင့် ဦးစောထွေးဇော်တို့က အဆောက်အအုံများ၏ အရေးပါမှုအပေါ် Hazard Level ခွဲခြားသတ်မှတ်ခြင်း၊ အဆောက်အအုံအမျိုးအစားအလိုက် ငလျင်သတ်မှတ်ချက် Risk Level နှင့် Importance Factor ခွဲခြားခြင်း တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ဒုတိယ ဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق