လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂၀
အမေရိကန်ရှိ Short video ဆိုရှယ်မီဒီယာ ပလက်ဖောင်း TikTok ဝန်ဆောင်မှုများသည် ဇန်နဝါရီ ၁၉ ရက်တွင် ပြန်လည်ဆောင်ရွက်ခဲ့သည်။
အမေရိကန်နိုင်ငံ အနောက်ပိုင်း စံတော်ချိန် ဇန်နဝါရီ ၁၉ ရက် ၉ နာရီ ၃၀ မိနစ် ခန့်က TikTok ဆိုရှယ်မီဒီယာတွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ကုမ္ပဏီအနေဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသူများနှင့် သဘောတူညီချက် ရရှိပြီဖြစ်ရာ သက်ဆိုင်ရာဝန်ဆောင်မှုများကို ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မကြာမီ သတင်းထောက်က ရှာဖွေကြည့်ရှုခဲ့ရာတွင် TikTok App ပုံမှန်အသုံးပြု၍ရပြီ ဖြစ်ပြီး TikTok ဝက်ဘ်ဆိုက်လည်း ပုံမှန်ပြန်ဖြစ်သွားပြီ ဖြစ်ကြောင်း သိရှိရသည်။
TikTok ၏ အင်တာနက်ဝန်ဆောင်မှုပေးသူများထံသို့ လိုအပ်သည့် ရှင်းပြချက်နှင့်အာမခံချက်ပေးသည့်အပေါ် အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်အား ကျေးဇူးတင်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် TikTok ပုံမှန်လည်ပတ်အောင် ကူညီစောင့်ရှောက်ပေးသည့်အတွက် အပြစ်ပေးခြင်း ခံရစေမည် မဟုတ်ကြောင်း TikTok ၏ ကြေညာချက်တွင်ဖော်ပြခဲ့သည်။ တစ်ချိန်တည်းတွင်ပင် TikTok က ထရမ့်နှင့်အတူ TikTok App အမေရိကန်တွင် အသုံးပြုနိုင်ရေးအား ထိန်းသိမ်းရန် အတွက် ရေရှည်ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
TikTok သည် အမေရိကန်နိုင်ငံ အနောက်ပိုင်း စံတော်ချိန် ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီ ၃၀ မိနစ် ခန့်တွင် အမေရိကန်အသုံးပြုသူ ဝန်ဆောင်မှုကို ရပ်ဆိုင်းခဲ့သည်။ TikTok ၏ မိခင်ကုမ္ပဏီ ဖြစ်သည့် ByteDance လက်အောက်ရှိ App အများအပြား၏ အမေရိကန်ရှိ ဝန်ဆောင်မှုသည်လည်း တစ်ချိန်တည်းနီးပါး ရပ်ဆိုင်းခဲ့သည်။ TikTok App အမေရိကန်တွင် ပုံမှန်လည်ပတ်နိုင်ရန် ပံ့ပိုးပေးသည့် Apple၊ Google၊ Oracle စသည့် အမေရိကန်လုပ်ငန်းများကလည်း သက်ဆိုင်ရာဝန်ဆောင်မှုကို ရပ်တန့်ခဲ့သည်။
ကုမ္ပဏီအသီးသီးအနေဖြင့် TikTok ကို ရပ်တန့်သည့် အနေအထား မပြုလုပ်ရန် တိုက်တွန်းကြောင်း ထရမ့်က ဇန်နဝါရီ ၁၉ ရက် အစောပိုင်း လူမှုကွန်ရက် မီဒီယာတွင် ရေးသားခဲ့သည်။ ၎င်းအနေဖြင့် ဇန်နဝါရီ ၂၀ ရက်တွင် အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်မည် ဖြစ်ပြီး TikTok “မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်” သည့် ဥပဒေ အသက်ဝင်မည့်အချိန်ကို ရွှေ့ဆိုင်းသွားမည်ဖြစ်ပြီး ထိုမတိုင်မီ TikTok လည်ပတ်အောင် ကူညီထိန်းသိမ်းပေးသည့် မည်သည့်ကုမ္ပဏီမဆို ဥပဒေအရ တာဝန်ခံရမည်မဟုတ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဧပြီလတွင် ဘိုင်ဒန်က လွှတ်တော်နှစ်ရပ် အတည်ပြုထားသည့် ဥပဒေမူကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုးပြီး ByteDance ကို TikTok အား ရက်ပေါင်း ၂၇၀ အတွင်း တရုတ်လုပ်ငန်းရှင်မဟုတ်သူထံ ရောင်းချရန်၊ သို့မဟုတ်ပါက အမေရိကန်တွင် ယင်း App ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နောက်ပိုင်း အသုံးပြုခွင့်ပိတ်ရန် တောင်းဆိုခဲ့သည်။
ယခုလ ဇန်နဝါရီ ၁၇ ရက်တွင် အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်က TikTok “မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်” သော ဥပဒေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ၎င်းမှာ ပြည်ထောင်စု တရားရုံးချုပ်အနေဖြင့် အဆိုပါဥပဒေမူကြမ်းကို မူလအစီအစဉ်အတိုင်း ဇန်နဝါရီ ၁၉ ရက်တွင် အသက်ဝင်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ထို့နောက်မကြာမီ ဘိုင်ဒန်အစိုးရက ဇန်နဝါရီ ၂၀ ရက်တွင် တာဝန်ထမ်းဆောင်မည့် ထရမ့်အစိုးရက တရားဥပဒေစိုးမိုးရေးတာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘိုင်ဒန်အစိုးရအနေဖြင့် အမေရိကန် အင်တာနက်ဝန်ဆောင်မှုပေးသူများအား အရေးယူမည်မဟုတ်ကြောင်း အတိအလင်းကြေညာခြင်းမပြုပါက TikTok ပလက်ဖောင်းသည် ဇန်နဝါရီ ၁၉ ရက်တွင် အပိတ်ခံရမည် ဖြစ်ကြောင်း TikTok ကုမ္ပဏီက ဇန်နဝါရီ ၁၇ ရက်၌ တုံ့ပြန်ပြောကြားခဲ့သည်။
Ref - Xinhua
Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق