Pages

Pages

TikTok ကိစ္စနှင့်စပ်လျဉ်း၍ ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ချက်ချမည်ဟု ထရမ့်ဆို


ဝါရှင်တန်၊ ဇန်နဝါရီ ၂၇ 

ဗီဒီယိုအတို လူမှုမီဒီယာပလက်ဖောင်း TikTok ကိစ္စနှင့် စပ်လျဉ်း၍ ရက်ပေါင်း ၃၀ အတွင်း နောက်ဆုံး ဆုံးဖြတ်ချက်ချမည်ဟု အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဇန်နဝါရီ ၂၅ ရက်တွင်ဆိုခဲ့သည်။ အမေရိကန်က ဂရင်းလန်းကျွန်း၏ ထိန်းချုပ်ပိုင်ခွင့်ကို ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ထရမ့်သည် ဇန်နဝါရီ ၂၅ ရက်တွင် သမ္မတ၏အထူးလေယာဉ် “Air Force One” ပေါ်၌ သတင်းထောက်များနှင့် မိနစ် ၂၀ ဝန်းကျင် ဆွေးနွေးမှု လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ TikTok ၏အနာဂတ်အကြောင်း ဆွေးနွေးရာတွင် ထရမ့်က TikTok အားဝယ်ယူမည့် ဖြစ်နိုင်ခြေနှင့်စပ်လျဉ်း၍ လူအများအပြားက ၎င်းနှင့်ဆွေးနွေးလျက်ရှိကြောင်း၊ ၎င်းသည် လာမည့်ရက်ပေါင်း ၃၀ အတွင်း TikTok ၏ကံကြမ္မာအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ချရန် လိုလားကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်း-အ‌စ္စရေးအခြေအနေနှင့် စပ်လျဉ်း၍ ထရမ့်က ဇန်နဝါရီ ၂၅ ရက်တွင် ဂျော်ဒန်ဘုရင် Abdullah II နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်တွင် အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi နှင့်လည်း ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးသွားမည်ဟု ဆိုသည်။ ဂါဇာကမ်းမြောင်ဒေသအား “ရှင်းလင်းရန်” မျှော်မှန်းချက်လည်း ထရမ့်က အဆိုပြုခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသမှလာသော ပါလက်စတိုင်းများအား အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံက လက်ခံနေရာချထားပေးရန် မျှော်လင့်ကြောင်း၊ ထိုကဲ့သို့နေရာချထားမှုသည် ယာယီဖြစ်နိုင်သလို ရေရှည်လည်းဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးထံ ပေါင် ၂,၀၀၀ (ကီလိုဂရမ် ၉၀၀ ခန့်) ဗုံးများ ထောက်ပံ့ခြင်းအပေါ် ဘိုင်ဒန်အစိုးရ၏ ကန့်သတ်ချက်အား ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်းလည်း ထရမ့်ကပြောကြားခဲ့သည်။ ကန့်သတ်ချက်အမိန့်အား ရုတ်သိမ်းသည့် အကြောင်းရင်းမှာ “ဘာကြောင့်လဲဆိုတော့ အစ္စရေးက ဒီလက်နက်တွေကို ဝယ်ယူပြီးပြီဖြစ်တယ်” ဟု ထရမ့်ကဆိုသည်။

ဂရင်းလန်းကျွန်းပြဿနာနှင့် စပ်လျဉ်း၍ ထရမ့်က ဒိန်းမတ်ဘက်က ကန့်ကွက်နေသော်လည်း အမေရိကန်က ဂရင်းလန်းကျွန်း၏ ထိန်းချုပ်ပိုင်ခွင့်ကို ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 


Ref - Xinhua

#MNP #News #American #Tiktok

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق