Pages

Pages

ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၂ဝ၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ခမ်းနားထည်ဝါစွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ ဖေဖော်ဝါရီ ၆

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားအဝင်မုခ်ဦး၊ Photo Booth Interview Booth၊ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet)နေရာများ၊ ၁၉၅၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိခဲ့ကြသူများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားအမည်များ ပြသထားရှိမှု၊ အခမ်းအနားကျင်းပမည့် ကျောက်စိမ်း ခန်းမ၌ အကယ်ဒမီဆုပေးပွဲစင်မြင့် ပြင်ဆင်ထားရှိမှု၊ အသံစနစ်နှင့် မီးစနစ်များ တပ်ဆင်ပြီးစီးမှု၊ Stage LED Screen နှင့် LED ဘုတ်များ တပ်ဆင်မည့် နေရာ များ၊ နေရာထိုင်ခင်းများနှင့် မီဒီယာဇုန်သတ်မှတ်ထား သည့်နေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်အနေဖြင့် အနုပညာရှင်များကို အလေးထား တန်ဖိုးထားသည့်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတွက်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရေး၊ အသံပိုင်းနှင့် မီးပိုင်းဆိုင်ရာကိစ္စရပ်များ လစ်ဟာမှုမရှိအောင် ကြိုတင် ပြင်ဆင်ထားရှိရေးနှင့် အခမ်းအနားအစီအစဉ်များ အလိုက် ကြိုတင်လေ့ကျင့်မှုများကို စနစ်တကျ စီမံဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။ 


#News #MNP 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق