မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ


မန္တလေး၊ ဖေဖော်ဝါရီ ၁၄

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာကသိရှိစေရန် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် သနပ်ခါးနှင့်ပတ်သက်၍ အများပြည်သူ၏ သဘောထားစစ်တမ်းကောက်ခံခြင်းကို ဆောင်ရွက်လျက်ရှိပြီး မတ်လမတိုင်မီ ယူနက်စကိုသို့ တင်ပြသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ သိရသည်။

အဆိုပါ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုရေးကို ၂၀၂၀ ပြည့်နှစ်က ဆောင်ရွက်ခဲ့ရာ လိုအပ်ချက်များနှင့် အများပြည်သူပါဝင်သည့် အထောက်အထားများ ထပ်မံဖြည့်ဆည်း၍ ယခုနှစ်တွင် ဆက်လက် ဆောင်ရွက်ခြင်းဖြစ်ပြီး တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။

“တပို့တွဲလပြည့်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ်လှုပ်ရှားမှုတွေ မန္တလေးမှာ လုပ်ပါတယ်။ သနပ်ခါးကို ဆေးအဖြစ် သုံးတာလား၊ အလှအပအတွက် သုံးတာလား၊ ဘယ်လို အသုံးဝင်တယ်၊ သနပ်ခါးကို အသက်ကြီးငယ်မရွေး သုံးစွဲတဲ့အကြောင်းနဲ့ ယူနက်စကို အသိအမှတ်ပြုရဖို့ သဘောတူကြောင်း အများပြည်သူရဲ့သဘောထားစစ်တမ်းကောက်ယူပါတယ်။ QR code ကို Scan ဖတ်ပြီး လူမှုကွန်ရက်ကနေ သဘောထားမှတ်ချက်ပေးလို့ရအောင် ဆောင်ရွက် ကြပါတယ်”ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အများပြည်သူတို့၏ သဘောထားစစ်တမ်းကောက်ခံချက်များကို ယူနက်စကိုအဖွဲ့အစည်းသို့ တင်ပြသွားမည်ဖြစ်ပြီး သနပ်ခါးနှင့်ပတ်သက်သည့် သဘောထားစစ်တမ်းကောက်ယူမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနခွဲများအလိုက် ဆောင်ရွက်လျက်ရှိရာ တပို့တွဲလပြည့်နေ့က မန္တလေးနန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်နှင့် အောင်မြေသာစံမြို့နယ်ရှိ ရွှေနန်းတော်ကျောင်းတို့တွင် အများပြည်သူ ပိုမိုသိရှိပြီး ပူးပေါင်းပါဝင်လာစေရန်အတွက် မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ်အဖြစ် သနပ်ခါးလိမ်းခြယ်ခြင်းနှင့် သဘောထားစစ်တမ်းကောက်ယူခြင်းလှုပ်ရှားမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“မြန်မာ့အတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုအသိအမှတ်ပြုမှုရခဲ့သလို ရှေးအစဉ်အလာကတည်းက သုံးစွဲခဲ့တဲ့ မြန်မာတို့ရဲ့ သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုလည်း ယူနက်စကိုက အသိအမှတ်ပြုဖို့လုပ်နေတာသိရလို့ ထောက်ခံကြိုဆိုပါတယ်။ ကျွန်မတို့မြန်မာအမျိုးသမီးတွေ အမြတ်တနိုးနဲ့ လိမ်းခြယ်နေတဲ့သနပ်ခါးကို ကမ္ဘာကသိရှိစေဖို့ ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဖြစ်စေချင်ပါတယ်။ ကျွန်မဆိုရင် သနပ်ခါးကို မနက်မိုးလင်းတာနဲ့လိမ်းတယ်။ မြန်မာ့ယဉ်ကျေးမှုလည်းဖြစ်ပြီး အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ ဆေးဖက်ဝင်တယ်ဆိုတာ လူတိုင်းသိပါတယ်” ဟု မန္တလေးမြို့မှ ရွှေနန်းတော်ကျောင်းသို့ လာရောက်သည့် ဒေါ်အိဖြိုးဝေက ပြောသည်။

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုမှ အသိအမှတ်ပြု ရေးဆောင်ရွက်ရန် အများပြည်သူ ပူးပေါင်းပါဝင်မှုရှိကြောင်းနှင့် သနပ်ခါးသုံးစွဲမှုနှင့်ပတ်သက်၍ မိမိတို့၏သဘောထားများ ဖြည့်ဆည်း ရာ၌ သနပ်ခါးသုံးစွဲသည့်အကြောင်းအရင်းနှင့် ယူနက်စကိုအသိအမှတ်ပြုရေးတွင် ပူးပေါင်းပါဝင်သဘောတူကြောင်းတို့ကို ဖြည့်စွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားသည့် တပို့တွဲလပြည့်နေ့တွင် မန္တလေးမြို့နန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်နှင့် ရွှေနန်းတော်ကျောင်းတို့တွင် သနပ်ခါးများ၊ ကျောက်ပျဉ်များနှင့် မှန်များထားရှိပြီး လာရောက်သူများအား သနပ်ခါးလိမ်းခြယ်စေခြင်းနှင့် QR Scan ဖတ်၍ ၎င်းတို့၏ သဘောထားစစ်တမ်းများ ကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)

#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)