သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသံဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ (၆၂) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသံဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ (၆၂) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ







ရန်ကုန် ဖေဖော်ဝါရီ ၁၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လှူဒါန်းပူဇော်သည့် (၆၂)ကြိမ်မြာက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသံဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် မန္တလေးမြို့မစိုးရိမ်တိုက်သစ်မဟာနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတရေ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် မန္တလေးမြို့မစိုးရိမ်တိုက်သစ်မဟာနာယက ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၏ သာရဏီယသြဝါဒကထာကို နာယူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဓမ္မာစရိယ ပါဠိပထမပြန်နိကာယ်စာမေးပွဲအထူးအောင်သံဃာတော်များ၊ သီလရှင်များနှင့် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်အထူးအောင်ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အောင်လက်မှတ်များ ဆက်ကပ်ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ကိုးဆောင်တိုက်သီရိမာလာကျောင်း ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

ယနေ့ကျင်းပသည့် (၆၂)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကျမ်းရင်းသုံးကျမ်းအောင် သာသနဗေဓမ္မာစရိယဘွဲ့ရ အထူးအောင်အရှင်မြတ် သုံးပါး၊ ရိုးရိုးအောင်အရှင်မြတ် ၁၃၀၁ ပါး၊ သီလရှင်ဆရာလေး ၁၃၇ ပါး၊ လူပုဂ္ဂိုလ် ငါးဦး၊ ပါဠိဂုဏ်ထူးအောင်အရှင်မြတ် ခြောက်ပါး၊ မြန်မာဂုဏ်ထူးအောင်အရှင်မြတ်သုံးပါး၊ ပါဠိပထမပြန်စာမေးပွဲအထူးအောင်အရှင်မြတ် ၁၂ ပါး၊ သီလရှင်ဆရာလေး လေးပါး၊ နိကာယ်စာမေးပွဲအထူးအောင် အရှင်မြတ် ၁၂ ပါး၊ သီလရှင်ဆရာလေး တစ်ပါး၊ နိကာယ်စာမေးပွဲမဟာဝိဒူတန်းအောင် အရှင်မြတ် ၁၄ ပါး၊ သီလရှင်ဆရာလေး တစ်ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ အထူးအောင်သီလရှင်ဆရာလေး တစ်ပါး၊ လူပုဂ္ဂိုလ် ရှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။


အောင်မြင့်

#News #MNP  

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)