ပေကျင်း၊ ဖေဖော်ဝါရီ ၁၁
ဂါဇာကမ်းမြောင်ဒေသ Netzarim စင်္ကြံမှ အစ္စရေးတပ်များ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
Netzarim စင်္ကြံရှိ စစ်ကင်းစခန်းများကို အစ္စရေးတပ်က ဖျက်သိမ်းသွားပြီဖြစ်ပြီး ဂါဇာကမ်းမြောင် တောင်-မြောက်ဆက်သွယ်ရာလမ်းဖြစ်သည့် Salah al-Din လမ်းရှိ တင့်ကားများ ဆုတ်ခွာကာ ကားလမ်းကြောင်းနှစ်ဖက်တွင် မော်တော်ယာဉ်များကို လွတ်လပ်စွာ သွားလာခွင့်ပြုထားကြောင်း ဟားမက်စ် အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၉ ရက်နံနက်ပိုင်းတွင် မော်တော်ယာဉ်၊ ဘတ်စ်ကားနှင့် မြည်းလှည်းများသည် Netzarim စင်္ကြံကို ဖြတ်သန်းပြီး Salah al-Din လမ်းတွင် သွားလာနေသည်ကို မီဒီယာများ ရိုက်ကူးထားသည့် ဓာတ်ပုံတွင် ဖော်ပြထားသည်။
ရိုက်တာသတင်းဌာန၏ သတင်းများအရ Netzarim စင်္ကြံတွင် ဟားမက်စ်ရဲတပ်ဖွဲ့ဌာနက ရဲအင်အားဖြန့်ကြက်ထားပြီး လူအများ ယင်းနေရာတစ်လျှောက်တွင် စနစ်တကျသွားလာရန် ညွှန်ကြားနေကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ် သဘောတူညီချက်ရရှိထားသည့် ဂါဇာကမ်းမြောင်အပစ်ရပ်ရေး သဘောတူညီချက်အရ အစ္စရေးစစ်တပ်က ယင်းနေ့တွင် Netzarim စင်္ကြံမှ ဆုတ်ခွာရမည် ဖြစ်ကြောင်း အမည်မဖော်လိုသည့် အစ္စရေးတပ် အရာရှိတစ်ဦးက အေပီ သတင်းဌာန သတင်းထောက်ကို ဖေဖော်ဝါရီ ၉ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
Netzarim စင်္ကြံသည် လူဦးရေသိပ်သည်းသည့် ဂါဇာကမ်းမြောင် တောင်ဘက်တွင် တည်ရှိရာ ၆ ကီလိုမီတာ အရှည်ရှိသည့် ယင်းစင်္ကြံသည် မြေထဲပင်လယ်ကမ်းခြေမှ အစ္စရေးနယ်စပ်အထိရှိပြီး ဂါဇာကမ်းမြောင်ဒေသကို တောင်နှင့် မြောက် နှစ်ပိုင်းခွဲခြားထားသည်။ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားသည့် ကနဦးကာလတွင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း၌ နေထိုင်သူအားလုံး တောင်ပိုင်းသို့ ရွှေ့ပြောင်းရန် တောင်းဆိုခဲ့ပြီးနောက် Netzarim စင်္ကြံကို သိမ်းပိုက်ခဲ့သည်။
အပစ်ရပ်ရေး သဘောတူညီချက်အရ အစ္စရေးစစ်တပ်သည် ဇန်နဝါရီ ၂၇ ရက် ၇ နာရီမှစ၍ ဂါဇာကမ်းမြောင်ဒေသ ပြည်သူလူထုအား Netzarim စင်္ကြံကို ဖြတ်သန်းကာ ၎င်းတို့၏ နေရပ်ဖြစ်သော ဂါဇာမြောက်ပိုင်းသို့ ပြန်သွားရန် ခွင့်ပြုခဲ့သည်။
နေရပ်ပြန်သွားသည့် လူအများအပြားက မိမိတို့၏နေထိုင်ရာ ရပ်ကွက်မှာ စစ်မြေတလင်း ဖြစ်နေသည်ကို တွေ့ရသဖြင့် လူအချို့မှာ တောင်ပိုင်းဒေသသို့ ပြန်လည်ခရီးနှင်ကြသလို အချို့လူများမှာလည်း ဖျက်ဆီးခံရသော မိမိတို့၏ နေအိမ်ဘေးတွင်း ရွက်ဖျင်တဲထိုး၍နေထိုင်ကြကြောင်း မီဒီယာများ၏ သတင်းများအရ သိရသည်။
ဂါဇာကမ်းမြောင် အပစ်ရပ်ရေးသည် ဇန်နဝါရီ ၁၅ ရက်တွင် သဘောတူညီချက် ရရှိပြီး ဇန်နဝါရီ ၁၉ ရက်တွင် အသက်ဝင်ခဲ့ခြင်းဖြစ်သည်။ အပစ်ရပ်ရေး ပထမအဆင့်ကို ရက်သတ္တပတ် ၆ ပတ် ဆက်တိုက် ဆောင်ရွက်ရာ ဟားမက်စ်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃၃ ဦးကို ပြန်လွှတ်ရန် သဘောတူညီခဲ့ပြီး အစ္စရေးက ဖမ်းဆီးထိန်းသိမ်းထားသော ပါလက်စတိုင်း ၁,၀၀၀ ကျော်ကို ပြန်လွှတ်ပေးမည် ဖြစ်သည်။
လက်ရှိတွင် ပထမအဆင့်ကာလသည် တစ်ဝက်ကျော်ရှိပြီ ဖြစ်သည်။ ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးမှုများကို ယခုရက်ပိုင်းများတွင် စတင်ပြီဖြစ်ရာ ဘက်ပေါင်းစုံအနေဖြင့် အခြားသောထိန်းသိမ်းခံထားရသူများအား ပြန်လွှတ်ပေးရေးနှင့် အစ္စရေးတပ်ရုပ်သိမ်းရေး ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။ အေပီသတင်းဌာန၏ သတင်းများအရ အစ္စရေးအနေဖြင့် ကြားဝင်စေ့စပ်ညှိနှိုင်းပေးသော ကာတာနိုင်ငံသို့ စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ အရာရှိအဆင့်မမြင့်ကြောင်း၊ အပြောင်းအလဲဖြစ်မည့် ရလဒ် ရရှိရန် ခဲယဉ်းနိုင်သည်ဟု ပြင်ပလောကက ခန့်မှန်းကြကြောင်း သိရသည်။
ထို့အပြင် ယခုကာလများတွင် အမေရိကန်ဘက်က ဂါဇာကမ်းမြောင်ကို “ရှင်းလင်းရန်” နှင့် “လက်လွှဲယူရန်” မျှော်လင့်ကြောင်း အဆိုပြုခဲ့ရာ ထို့အဆိုပြုချက်အပေါ် ပါလက်စတိုင်းနှင့် အခြားနိုင်ငံအများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
Ref - (Xinhua)
#MNP #News #International
Join - https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق