မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော် ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ (၇၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော် ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ (၇၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်




မင်းဘူး၊ ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂-၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ ပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာမုခ်ဦး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် နေပြည်တော်၊ လယ်ဝေးမြို့၊ နဂါးရုံတစ်ထောင် စမတောင်ကျောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇအဂ္ဂမဟာမင်္ဂလာဓမ္မဇောတိကဓဇ ထေရဝါဒဗုဒ္ဓသာသနဇောတိကဒေါက်တာဘဒ္ဒန္တဝံသသီရိနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တို့က မင်္ဂလာမုခ်ဦး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများက ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့် ငါးလွှတ်ခြင်းများ ဆောင်ရွက်သည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် နေပြည်တော် ပျဉ်းမနားမြို့ အောင်စည်သာကျောင်း ဆရာတော် ဘဒ္ဒန္တဝိစက္ခဏနှင့် နေပြည်တော် လယ်ဝေးမြို့ နဂါးရုံတစ်ထောင် စမတောင်ကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝံသသီရိ အမှူးပြုသော ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောက်စက်တော်ရာ (ခြေတော်ရာ) အလင်းပေါက် ဖန်အုပ်စောင်းတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေတီတော်မြတ် သံတံခါးအား ဖွင့်လှစ်ပေးခြင်း များ ဆောင်ရွက်ခဲ့ကြပြီး နမ္မဒါရေစင်နှင့် အမွှေး နံ့သာရည်များ သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ပင့်ဖိတ်ထားသော ဩဝါဒါစရိယ ဆရာတော်ကြီးများက ဗုဒ္ဓပါဒစေတီတော် (ခြေတော်ရာ)နှစ်ဆူနှင့် အောက်စက်တော်ရာ (ခြေတော်ရာ)အနီးရှိ ဘုရားဝတ္တကနယ်မြေ၌ အသစ် တည်ထားကိုးကွယ်သော ဆုတောင်းပြည့်လိုတရ နမ္မဒါနဂါးရုံဘုရားအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိက်သွန်းတော်မူသည်။

ယင်းနောက် မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်၌ (၂၅၉၁)ကြိမ်မြောက် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒစေတီတော်နှစ်ဆူ ဖွင့်လှစ်ပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ် ဒါနသီလ ဘာဝနာကုသိုလ်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများ က ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ထင်ရှားကျော်ကြားပြီး ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီးတစ်ခု ဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်ထိ) ရက်ပေါင်း ၇၅ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများ ညအိပ်တည်းခို နားနေနိုင်စေရန် တည်းခိုဆောင်အခန်းပေါင်း ၃၀၀ ကျော်နှင့် ဈေးဆိုင် ခန်းပေါင်း ၃၅၀ ခန့်ကို ဆောက်လုပ်ပေးထားပြီး ယခုအခါ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကြီးအဖြစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။


မောင်မောင်(မင်းဘူး)

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)