နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တပညိဿရာဘိဝံသမဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တပညိဿရာဘိဝံသမဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားကျင်းပ






ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၇

နိုင်ငံတော်ဩဝါဒါစရိယ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်စာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဥက္ကဌ၊ အဘိဓဇမဟာရဌဂုရု၊  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ သာသနာ့ဂုဏ်ရည် ချမ်းသာကြီးကျောင်းတိုက်ဦးစီး ပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညိဿရာဘိဝံသ မဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာ အခမ်းအနားကို ၁၅-၂-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊  ရွှေလင်ဗန်းစက်မှုဇုန် (၂၃) ရပ်ကွက်၊ သာသနာ့ဂုဏ်ရည်ချမ်းသာကြီး ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ သဗ္ဗေသင်္ခါရာ အနိစ္စာတိ အစရှိသောသံဝေဂ သုံးဂါထာကိုရွတ်ဆို၍စတင်ခဲ့ကြပြီး နိုင်ငံတော် ဩဝါဒါစရိယ၊ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ ဟင်္သာတမြို့နယ်၊ မိုးကောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရ မဟာထေရ်ထံမှတက်ရောက် လာကြသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသည့် စိန်ကတ္တီပါကို ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ပေါ်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွှမ်းခြုံပူဇော်ခဲ့ကြသည်။ 

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ပေးပို့အပ်သည့်  သံဝေဂဉာဏ်ပွား တော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ မိတ္ထီလာဆရာတော် ဘဒ္ဒန္တကောဝိဒ အရှင်သူမြတ်ကဖတ်ကြား လျှောက်ထားခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပေးပို့ဆက်ကပ်သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာကို သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမျိုးညွန့်အောင် ဖတ်ကြားပူဇော်ခဲ့ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော် ဩဝါဒါစရိယ၊ ဘဒ္ဒန္တပညိဿရာဘိဝံသ မဟာထေရ်မြတ်၏ ထေရုပ္ပတ္တိအကျဉ်းကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်ဘဒ္ဒန္တခေမိန္ဒက ဖတ်ကြားပူဇော်ခဲ့ပြီး တိပိဋကမဟာဂန္ဓာရုံကျောင်း နာယကဆရာတော် ဘဒ္ဒန္တနန္ဒသိရီ(ကလေး)ဆရာတော် ရေးစပ်ပူဇော်အပ်သော သံဝေဃရှစ်ဆယ်ပေါ်တေးထပ်ကို နိုင်ငံကျော်အဆို တော်တေးသံရှင် ရွှေတံဆိပ်ဆုများရှင် ခရမ်းကြည်ကြည်မာက မိုးမြန်မာမင်္ဂလာဆိုင်းအဖွဲ့ဖြင့်တွဲဖက်၍ ပူဇော်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဓာန နာယကဆရာတော် ဘဒ္ဒန္တဝါသေဌာဘိဝံသထံမှ သံဝေဂတရားများနာကြားခဲ့ကြကာ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မင်္ဂလာဒုံမြို့နယ်၊ တောတိုက်စာသင်တိုက် ဘဒ္ဒန္တဝေပုလ္လက ပစ္ဆိဝန္ဒနာဂါထာတော်ကိုလည်းကောင်း၊ အပြစ်ရှိကခွင့်လွှတ်ပါရန် တောင်းပန်လျှောက်ထားသော ဂါထာကို နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ မရမ်းကုန်းမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဉာဏိဿရကလည်းကောင်း ရွတ်ဖတ်ပူဇော်တောင်းပန်ခဲ့ကာ အဘိယာစန နိမန္တရဂါတာဖြင့် မှော်ဘီမြို့နယ် ရေကျော် ကျောင်းဆရာတော် ဘဒ္ဒန္တအာတပက တောင်းပန်လျှောက်ထားခဲ့ကာ အနိစ္စာဝတသင်္ခါရ အစချီသောသံဝေဂါတာကို ရွတ်ဖတ်ပူဇော်၍ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို လောင်တိုက်ပေါ်သို့ ပင့်ဆောင်ခဲ့ကြသည်။

ဆရာတော်ကြီးသည် သက်တော် (၉၀) နှစ်၊ သိက္ခာတော် (၇၀) ဝါ အရ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း (၇) ရက်၊ ဖေဖော်ဝါရီလ (၄) ရက် (အင်္ဂါနေ့) နံနက် (၁၀) နာရီ (၁၅) မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်းလည်း သိရသည်။ 


ဇင်မင်းထိုက်

#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)