ဗိုလ်ချုပ်ကြီး မောင်မောင်အေး အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၁/၂၀၂၅) သို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်ကြီး မောင်မောင်အေး အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၁/၂၀၂၅) သို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော်၊ ဖေဖော်ဝါရီ ၇

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယမန်နေ့က ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်သည်အဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုမှုမရှိစေရေး၊ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော သံသယဖြစ်ဖွယ်လူငယ်များကို လက်ခံမှုမရှိစေရေးနှင့် အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိသည့် စစ်သည်များကို မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးရေးကိစ္စများ နှင့်ပတ်သက်၍ The Country Task Force on Monitoring and Reporting-CTFMR နှင့် ပူးပေါင်းဆောင်ရွက်မှုမတိုင်မီ ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် ၅၉၇ ဦးအား တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပေးခဲ့ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် CTFMR တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအားစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက် (Plan of Action) ကို လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါပူးပေါင်းဆောင်ရွက်မှုအရ ၂၀၁၂ ခုနှစ်မှ ယနေ့အထိ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှနုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ သဘောတူသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း အလေးထား လိုက်ပါစုဆောင်းလျက်ရှိပါကြောင်း၊ အသိပညာပေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီ အစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိ ပြီး ကော်မတီ၏ရည်မှန်းချက်အတိုင်း တပ်မတော်အတွင်း ကလေးစစ်သား အသုံးပြုမှုမရှိစေရေး တစိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို CTFMR သို့ အသိပေးအကြောင်းကြားလျက်ရှိပါကြောင်း။

ထို့ပြင် ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သဖြင့် အဆိုပါနည်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက် ၁၈ နှစ် မပြည့်သူများ မပါရှိစေရေးအတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အသီးသီးမှ စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များက အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးလုပ်ငန်းနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို အကြံပြုဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ကော်မတီအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း CTFMR နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါစစ်သည်များအား မိဘ/အုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်းနှင့် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။           

ယင်းနောက် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)