Pages

Pages

သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင် ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ်ဝင်ထွက် ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါရှိသည်။

တာဝန်သိ ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းရရှိမှု ၆၃ ကြိမ် ရရှိခဲ့ပြီး သတင်းမှားရှစ်ကြိမ်၊ နောက်ကျသတင်းတစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု ၅၄ ကြိမ်ဖြစ်သည်။

သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ ၈၁ မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း ၅၅ မျိုးအပါအဝင် ခန့်မှန်းတန်ဖိုးကျပ် ၉၂၄ ဒသမ ၀၆၉ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်‌တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် ၉၂၄ ဒသမ ၀၆၉ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၁၈၄ ဒသမ ၈၁၃ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများက မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ် လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost 

ليست هناك تعليقات:

إرسال تعليق