နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ် ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို မဖြစ်မနေ မွေးထုတ်ပေးကြရမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ် ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို မဖြစ်မနေ မွေးထုတ်ပေးကြရမည်


နေပြည်တော်၊ မေ ၂၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယမန်နေ့က နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို မဖြစ်မနေမွေးထုတ်ပေးကြရမည်ဖြစ်ပြီး ပညာတတ်များရှိမှသာလျှင် နိုင်ငံ့အနာဂတ်အတွက် စိတ်ချရမည်ဖြစ်ကြောင်း၊ မိမိတပည့်များကို စာတတ်စေရန်၊ လိမ္မာယဉ်ကျေးမှုရှိစေရန်၊ စည်းကမ်းရှိစေရန်၊ နိုင်ငံတော်ကိုချစ်မြတ်နိုးစေရန် ပျိုးထောင်ပေးကြစေလိုကြောင်း၊ ပညာရေးဝန်ထမ်းများအားလုံး ပါတီနိုင်ငံရေးကင်းရှင်းကြရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းသည့် စီမံအုပ်ချုပ်ရေးဖြစ်ရန်လိုအပ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ အခါအားလျော်စွာ ထုတ်ပြန်သည့်ညွှန်ကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန်နှင့် ဆရာ ဆရာမဂုဏ်သိက္ခာကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း၊ ပညာရေးအရည်အသွေးဖွံ့ဖြိုးတိုးတက်စေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိစေရေးနှင့် တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားစေရေးတို့အတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာ ဆရာမများ၏ ဘာသာရပ်ကျွမ်းကျင်မှု၊ သင်ပြနည်းမှန်ကန်မှုအရည်အသွေးများ မြှင့်တင်ပေးမည့် နည်းလမ်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အတန်းစဉ်ကူးပြောင်းမှုနှုန်းမြင့်မားရေး၊ ကျောင်းနေနှုန်းမြင့်မားရေး၊ ပညာရေးဆိုင်ရာစာရင်းဒေတာ၊ အချက်အလက်များ စနစ်တကျစီမံဆောင်ရွက်ရေး၊ နွေးထွေးစွာဆက်ဆံရေးဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)