Pages

Pages

တရားရုံး၏ အစီရင်ခံချက်အရ ပေထုံတန်အား ဝန်ကြီးချုပ်ရာထူးမှ တရားဝင် ထုတ်ပယ်လိုက်ပြီ


ဘန်ကောက်၊ ဩဂုတ် ၃၁

ပေထုံတန်သည် ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၌ ၎င်း၏ တရားစီရင်ချက်အား ဖတ်ကြားပြီးနောက် ဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိလာကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ တရားရုံး၏ အစီရင်ခံချက်အရ ၎င်းအား ဝန်ကြီးချုပ်ရာထူးမှ တရားဝင် ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ထိုနေ့ နံနက်ပိုင်းတွင် ပေထုံတန်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ချိုးဖောက်ကြောင်း သံသယရှိမှုနှင့် စပ်လျဉ်း၍ နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုခြင်း၊ ဆွေးနွေးခြင်းနှင့် မဲခွဲဆုံးဖြတ်ခြင်းများ စတင်လုပ်ဆောင်ခဲ့ပြီး ညနေ ၃ နာရီတွင် တရားစီရင်ချက်ကို ဖတ်ကြားခဲ့သည်။ ဖတ်ကြားသည့်ဖြစ်စဉ်ကို လူမှုကွန်ရက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ 

ပေထုံတန်က ထိုနေ့တွင် တရားရုံးသို့ မသွားရောက်ခဲ့ဘဲ ၎င်းသည် ဖတ်ကြားခြင်း မစတင်မီ ဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိလာကာ တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် တရားစီရင်ချက်ကို ကြည့်ရှုခဲ့သည်။ မီဒီယာသတင်းထောက်အများအပြားသည် ဝန်ကြီးချုပ်ရုံးဝင်းအတွင်းရှိ မြက်ခင်းပြင်ပေါ်တွင် ကင်မရာ အရွယ်အစားစုံ တပ်ဆင်ပြီး အဓိကကျသော အခိုက်အတန့်များ ဖမ်းယူနိုင်ရန် စောင့်ဆိုင်းနေကြသည်။   

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက တရားစီရင်ချက် ကြေညာပြီးနောက် သတင်းထောက်များက ဝန်ကြီးချုပ်ရုံးအဆောက်အဦဆီသို့ တိုးဝှေ့သွားရောက်ခဲ့ကြပြီး ပထမအလွှာသည် လက်တွင် ကင်မရာ၊ ဗီဒီယိုကင်မရာများနှင့် မိုက်ကရိုဖုန်းများကိုင်ဆောင်ထားသော သတင်းထောက်များဖြင့် ချက်ချင်းပြည့်နှက်သွားကာ မကြာမီ ရောက်ရှိလာမည့် ပေထုံတန်အတွက် လှေကားအနီး စတုရန်းမီတာအနည်းငယ်ရှိသော နေရာလပ်သာ ချန်ပေးထားသည်။

ညနေ ၄ နာရီခွဲခန့်တွင် ပေထုံတန်သည် အနက်ရောင်ဝမ်းဆက်ဝတ်ဆင်ထားပြီး လှေကားမှ ခပ်သွက်သွက်ဆင်းလာကာ မီဒီယာများအား လက်အုပ်ချီနှုတ်ဆက်ပြီး အစောပိုင်းကတည်းက ခန်းမ၌ စောင့်ဆိုင်းနေသော အစိုးရအဖွဲ့ဝင်များကြားမှ မိုက်ကရိုဖုန်းရှေ့သို့ သွားရောက်ခဲ့သည်။ တရားရုံး၏ စီရင်ချက်နှင့်ပတ်သက်၍ ၎င်းက လက်ခံကြောင်း ပြောကြားခဲ့သည်။

"တရားစီရင်ရေးလုပ်ငန်းစဉ်ကို လေးစားသောအားဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ စီရင်ချက်ကို ကျွန်မလက်ခံပါတယ်” ဟု ပေထုံတန်က ပြောကြားခဲ့ပြီး ၎င်း၏ မူလရည်ရွယ်ချက်သည် အစဉ်အမြဲပင် နိုင်ငံတော်အတွက်ဖြစ်ပြီး မည်သည့်ကိုယ်ကျိုးစီးပွားကိုမျှ မရှာဖွေခဲ့ကြောင်း၊ ၎င်း အစဉ်အမြဲ အလေးထားရဆုံးမှာ လူထု၏ အသက်အိုးအိမ်လုံခြုံရေးဖြစ်ပြီး စစ်သည်ဖြစ်စေ အရပ်သားပြည်သူဖြစ်စေ ၎င်းအနေဖြင့် ၎င်းတို့၏ အသက်အိုးအိမ်လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ပေးသွားနိုင်ရန် စိတ်ရင်းမှန်ဖြင့် မျှော်လင့်ကြောင်း၊ ဖုန်းပြောဆိုစဉ် အသံဖမ်းမှုဖြစ်ရပ်အတွင်း ပြောဆိုမှုသည် ဇူလိုင် ၂၄ ရက် ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခမဖြစ်မီက ဖြစ်ပြီး ၎င်း၏ မူလရည်ရွယ်ချက်မှာ ဆွေးနွေးညှိနှိုင်းရန်သာဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ရက်အနည်းငယ်အကြာ ထိုင်းနိုင်ငံရေးအသိုင်းအဝိုင်းနှင့် လူထုသဘောထားများသည်  ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မကြာမီတွင် လုပ်ဆောင်မည့် စီရင်ချက်ကို အထူးအလေးထား စောင့်ကြည့်နေခဲ့ကြသည်။ လူထုအများအပြားသည် လူမှုကွန်ရက်ပေါ်တွင် ထင်မြင်ယူဆချက်များ ဖော်ပြခဲ့ကြရာ သဘောကွဲလွဲမှုမှာ သိသာထင်ရှားလှပေသည်။ ယင်းနှင့် စပ်လျဉ်း၍ ပေထုံတန်က ဘက်အသီးသီးအနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် စည်းလုံးညီညွတ်ရန် တိုက်တွန်းခဲ့သည်။ “ကျွန်မတို့အနေနဲ့ နိုင်ငံရေးတည်ငြိမ်မှု ပြန်လည်ထူထောင်ဖို့ မဖြစ်မနေ အတူတကွကြိုးစားပြီး တည်ငြိမ်မှုခံစားချက်ကို ပြန်လည်ဖန်တီးပေးဖို့ သေချာစေရမယ်၊ ဒီလိုရုတ်တရက် အပြောင်းအလဲမျိုး နောက်ထပ် မဖြစ်ပွားအောင် ရှောင်ရှားရမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးနောက် ပေထုံတန်သည် ထိုင်းနိုင်ငံ ပြည်သူလူထု၊ အစိုးရအဖွဲ့နှင့် မီဒီယာများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး “မိမိရဲ့ အတွေ့အကြုံတွေသုံးပြီး တိုင်းပြည်ကို အလေးအနက်ထား ဖွံ့ဖြိုးတိုးတက်စေပြီး ထိုင်းနိုင်ငံကို အခွင့်အလမ်းတွေ ပြည့်ဝအောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်… ပြည်သူလူထု အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်မှုဟာ နိုင်ငံတစ်နိုင်ငံရဲ့ ခိုင်မာအားကောင်းတဲ့ အခြေခံအုတ်မြစ်ပါပဲ” ဟု ပြောကြားခဲ့သည်။  

ပြောကြားမှု ပြီးဆုံးပြီးနောက် ပေထုံတန်သည် လက်ပြနှုတ်ဆက်ခဲ့ပြီး တစ်ကိုယ်တည်း ဦးစွာထွက်ခွာခဲ့သည်။  

ဒါဇင်နှင့် ချီသော ပြည်သူများသည် ဝန်ကြီးချုပ်ရုံးနှင့် မနီးမဝေးတွင် စုဝေးခဲ့ကြသည်။ ဘန်ကောက်မြို့ခံ အာလွန်လာက “ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ စီရင်ချက်က အမှန်တရားပါပဲ။ ဘယ်သူက ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်တာဖြစ်ပါစေ ပြည်သူနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ဦးစားပေးမယ်လို့ အားလုံးက မျှော်လင့်ပါတယ်” ဟု ဆိုခဲ့သည်။

ပေထုံတန်သည် ဝန်ကြီးချုပ်ရုံးမှ ထွက်ခွာပြီးနောက် Pheu Thai ပါတီဌာနချုပ်သို့ တိုက်ရိုက်သွားရောက်ခဲ့ပြီး ထိုနေရာတွင် စောင့်ဆိုင်းနေသော ပါတီအကြီးအကဲ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံ မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထောက်ခံသူအချို့က ပေထုံတန်နှင့် Pheu Thai ပါတီအတွက် အားပေးသော ဆိုင်းဘုတ်များကိုင်ဆောင်ထားကြပြီး အနီရောင်အင်္ကျီဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက “သူမ အကောင်းဆုံးကြိုးစားခဲ့ပါတယ်” ဟု မျက်ရည်များဝဲ၍ မီဒီယာများထံ ပြောကြားခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق