ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး မြန်မာ - တရုတ် ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး မြန်မာ - တရုတ် ဆွေးနွေး


နေပြည်တော်၊ အောက်တိုဘာ ၂၃

၂၀၂၅ ခုနှစ် စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ် တက်ရောက်ရန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ပေကျင်းမြို့ရှိ နိုင်ငံပိုင် China National Oil & Gas Exploration and Development Corporation (CNODC) ဧည့်ခန်းမဆောင်၌ CNODC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အလားအလာကောင်းမွန်သော ကမ်းလွန်လုပ်ကွက်များတွင် နှစ်ဖက်အကျိုးတူပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ကမ်းလွန် စီမံကိန်းများနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲမှု၊ စီးပွားရေးနှင့် ဥပဒေရေးရာကဏ္ဍများတွင် သင်တန်းများစေလွှတ်၍ သင်ယူလေ့လာရေး၊ နှစ်ဖက်နီးကပ်စွာ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် Working Group များ အပြန်အလှန်စေလွှတ်ရေး၊ မြန်မာ့စွမ်းအင်ကဏ္ဍတွင် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးလာစေရေးအတွက် လိုအပ်သည့်အကူအညီဖြည့်ဆည်းပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ထို့နောက် Canadian Foresight Group (CFG) နှင့် China Oilfield Services Limited (COSL) တို့၏ ဥက္ကဋ္ဌများ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး နှစ်ဖက် အလားအလာကောင်းမွန်သော ကမ်းလွန်လုပ်ကွက်တွင် တူးဖော်ရေးဆိုင်ရာကိစ္စရပ်များ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြသည်။

ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် CNPC ဒုတိယဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် ပေကျင်းမြို့ရှိ နိုင်ငံပိုင် China National Petroleum Corpo-ration (CNPC) ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံမှုလာရောက်ဆောင်ရွက်ရေး၊ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို သွယ်တန်းထားပြီးဖြစ်သည့် အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အတွင်း ပို့လွှတ်သယ်ဆောင်နိုင်ရေး၊ ကမ်းလွန်လုပ်ကွက်အသစ်များကို လေ့လာပြီး ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများ အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး၊ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းရည်အပြည့်အဝအသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်းတွင်း ပိုက်လိုင်းများအား သတ်မှတ်စံချိန်စံညွှန်းအတိုင်း အသုံးပြုနိုင်ရန်အတွက် အစားထိုးလဲလှယ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများတွင် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် နိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး၊ ရေနံချက်စက်ရုံများ အသစ်တိုးချဲ့တည်ဆောက်ခြင်း စီမံကိန်းများအတွက် လိုအပ်သည့်ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိနိုင်ရေး၊ ပိုက်လိုင်းလုံခြုံရေးနှင့် ပိုက်လိုင်းတစ်လျှောက် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းစေရန် ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သံပုရာကန်ရေနံချက်စက်ရုံစီမံကိန်းကို တာဝန်ယူဆောင်ရွက်မည့် Sino-pipeline International (SPI) ကုမ္ပဏီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် အလုပ်သဘော နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။

ထိုသို့ သုံးဆောင်စဉ် ရေနံချက်စက်ရုံအသစ် စီမံကိန်းအတွက် လိုအပ်သည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်နိုင်ရန် ပိုက်လိုင်းများ သွယ်တန်းနိုင်ရေး၊ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ စွမ်းရည်အပြည့် အသုံးပြုနိုင်ရန် အတွက် ကနဦးဆန်းစစ်ခြင်းများကို လျင်မြန်စွာစတင်ဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်ရေးတို့ကို အပြန်အလှန် ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးအား စွမ်းအင်ကဏ္ဍဆိုင်ရာအဖွဲ့များမှ အကြီးအကဲများက လာရောက်တွေ့ဆုံကြပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း၊ ရေနံချက်စက်ရုံ တည်ဆောက်ခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တပ်ဆင်သွယ်တန်းခြင်း၊ စွမ်းအင် ကဏ္ဍတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီစက်ပစ္စည်း ကိရိယာများနှင့် နည်းပညာများအား ရှင်းလင်းတင်ပြခြင်း၊ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ သန့်ရှင်းသော စွမ်းအင်အမျိုးမျိုးအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ဆောင်ရွက်နိုင်မည့်အခြေအနေကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့၏ စွမ်းအင်ကဏ္ဍတွင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ များစွာရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ပြန်လည်ဖိတ်ခေါ်ဆွေးနွေးသည်။

ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံပိုင် ဘူမိရူပစူးစမ်းလေ့လာရေးနှင့် ရေနံရှာဖွေရေးပစ္စည်းများထုတ်လုပ်သည့် BGP ကုမ္ပဏီသို့ သွားရောက်၍ 3D Seismic ကိုအသုံးပြုပြီး လက်တွေ့တိုင်းတာဆောင်ရွက်မှုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး နည်းပညာများ၊ Seismic တိုင်းတာရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်နေမှုတို့ကို သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)