မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စာရင်းများအရဆေးဝါးကုမ္ပဏီ ၇၉၆ ခု၊ ဆေးပစ္စည်း ကုမ္ပဏီ ၆၄၆ ခုရှိပြီး ကုမ္ပဏီများ၏ လျှောက်ထားပစ္စည်းများကို ဆေးရုံများနှင့် ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ဦးစားပေးအနေဖြင့် ခွင့်ပြုပေးနေသော်လည်း ဈေးကွက်အတွင်း၌ ဆေးဝါးဈေးနှုန်းများ ကျဆင်းလာခြင်းမရှိသေးသကဲ့သို့ ဆေးပစ္စည်းလိုအပ်ချက်များကိုလည်း ကြားသိနေရကြောင်း၊ ပုံမှန်လိုင်စင်ခွင့်ပြုပေးနေသည့်တိုင် ကုမ္ပဏီအချို့၏ သွင်းကုန်ပစ္စည်းကိုထိန်းပြီး ဈေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်း ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ဈေးကွက်သဘောတရားအရ အရင်းအနှီးနှင့် စွမ်းဆောင်ရည်မြင့်မားသည့် ကုမ္ပဏီကြီးများအနေဖြင့် ဈေးကွက်ကိုလွှမ်းမိုးသည့်အခြေအနေ (Dominant Postion) ကို ပိုင်ဆိုင်နိုင်ကြကြောင်း။

သို့ရာတွင် ဈေးကွက်လွှမ်းမိုးထားသည့်အခြေအနေကို အသာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်ကိုမကစားကြရန်၊ ဈေးနှုန်းထိန်းချုပ်ခြင်းမပြုလုပ်ကြရန်၊ အခြားပြိုင်ဘက် ကုမ္ပဏီများအား လုပ်ကိုင်နိုင်စွမ်းမရှိအောင်မပြုလုပ်ကြရန် အသိပေးပြောကြားလိုကြောင်း၊ ဆေးပစ္စည်းရောင်းချခြင်းသည် ပရဟိတဆန်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကုမ္ပဏီတစ်ခုနှင့်တစ်ခု ထိန်းကျောင်းပြီး ပြည်သူ့လူမှုဘဝတိုးတက်စေရေးကို မေတ္တာထားကာ ကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်တွင်းဆေးဝါးစက်ရုံများအနေဖြင့် ပြည်တွင်း၌ ဆေးအမျိုးအစားယခုထက်ပိုမို၍ စုံလင်ပြီးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် နိုင်ငံခြားငွေအသုံးပြုမှု လျော့ကျသွားမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဒုတိယဝန်ကြီး ဦးမင်းမင်းတို့က ပြည်သူများသို့ ဝန်ဆောင်မှုပေးနေမှု၊ ဆေးဝါးထောက်ပံ့ပေးနိုင်မှုနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းပေးနိုင်မှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar #Medicine

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)