(၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ နိုဝင်ဘာ ၁၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ဖိတ်ကြားချက်အရ (၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် ညပိုင်းတွင် ချုံချင့်မြို့သို့ ရောက်ရှိရာ ချုံချင့် မြူနီစီပယ် ဒုတိယမြို့တော်ဝန်က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ချုံချင့်ပါတီ အတွင်းရေးမှူး၏ ကြိုဆိုမိတ်ဆက်အခမ်းအနားကို HUALUXE Chongqing Science Hall Hotel ၌ ကျင်းပရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေးဝန်ကြီး ဦးဆောင်သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ် ကုန်း-ရေစင်္ကြံအသစ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်နှင့် ထောက်ပံ့ဆက်သွယ်ရေးပြပွဲ(2025 Land-Sea New Corridor Economic Development Forum and Logistic Expo) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြခန်းများကို ကြည့်ရှုလေ့လာသည်။

မွန်းလွဲပိုင်းတွင် (၉)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ဝန်ကြီး Ms. Sun Meijun နှင့် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးက အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု နယ်ပယ် (၃.၀) ၏ အဆင့် မြှင့်တင်ရေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အပင်နှင့် တိရစ္ဆာန်ကျန်းမာရေးနှင့် လယ်ယာထွက်ကုန်များ ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးတို့တွင် အရေးပါသော အာဆီယံ-တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအရေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ-တရုတ် အပင်နှင့်တိရစ္ဆာန် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် ၂၀၂၆-၂၀၂၇အတွက် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံပါကြောင်း၊ အာဆီယံတစ်ခုတည်းသော ပြတင်းပေါက်စနစ် (ASEAN Single Window-ASW)မှတစ်ဆင့် အီလက်ထရောနစ် SPS (e-SPS) လက်မှတ်များ ဖလှယ်ခြင်းကဲ့သို့ ဒစ်ဂျစ်တယ်နည်းပညာများ တီထွင်ဖန်တီးခြင်းနှင့် အကောင်အထည်ဖော်ခြင်းတွင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ခြင်းသည် အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် လယ်ယာထွက်ကုန်များ ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးတွင် ပွင့်လင်း မြင်သာမှုနှင့် ထိရောက်မှုကို သိသိသာသာ တိုးတက်စေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ချုံချင့်မြို့နယ် ကျန်ကျင်းမြို့ရှိ ဟွာကျောင်း (မက်ခါ) သီးနှံစိုက်ခင်းနှင့် ဆန်းကစ်သီးစိုက်ခင်း များကို လေ့လာကြည့်ရှုခဲ့ပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သည် နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် (၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆက်သွယ်ရန်ပုဂ္ဂိုလ်များအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ပူးတွဲသဘာပတိ အဖြစ် ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ဒုတိယဝန်ကြီး Mr. Zhao Zeng Lian ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံမှ ပဲတီစိမ်းတင်ပို့သည့် ကုမ္ပဏီ ၂၅ ခုနှင့် ငှက်ပျောတင်ပို့သည့် ကုမ္ပဏီ ခုနစ်ခုတို့ကို ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏကြောင့် တင်ပို့ခွင့်ယာယီရပ်ဆိုင်းထားသည့်အတွက် ဖြေလျှော့ပေးရန် ဆွေးနွေးမှုအပေါ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့သည်။

ထို့ပြင် လက်မှတ်ရေးထိုးရန် ပေးပို့ထားသည့် Protocol များနှင့် စပ်လျဉ်း၍ GACC ၏ သက်ဆိုင်ရာ သီးနှံ၊ အသား၊ ငါးကဏ္ဍအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်လက်ဆောင်ရွက်ပေးရန် ဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ငှက်သိုက်တင်ပို့မှုလုပ်ငန်းစဉ်အတွက် လိုအပ်သော အထူးသဘောတူညီချက်နှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း GACC ဘက်မှ ပြန်လည်ဆွေးနွေးခဲ့သည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)