ပျော်ဘွယ်၊ နိုဝင်ဘာ ၁၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက မဲမထည့်ဖို့ လှုံ့ဆော်နေမှုများကို နားမယောင်ကြဖို့ မဲဆန္ဒရှင်ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံစဉ် ရှင်းလင်းပြောဆိုသည်။
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ နိုဝင်ဘာ ၂၀ ရက်က သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ကျွန်တော်တို့က လူထုကို ချစ်တယ်။ ဒီတိုင်းပြည်ကို ချစ်တယ်။ ဖြစ်ပျက်နေတဲ့ ဒုက္ခသုခတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ထမ်းပိုးပြီးတော့ ကျော်လွှားပေးချင်တယ်၊ ဒါပါပဲ။ ဒါကြောင့်မို့ ငါးနှစ် လွှတ်တော် မရှိပေမယ့်လည်း ကျွန်တော်တို့ ပါတီက အဲ့လို ဆွေးနွေးခဲ့တာ။ အဲ့ဒီလိုတွေ ကိုယ့်ပြည်သူတွေအတွက် ကောင်းရာကောင်းကျိုးကို စဉ်းစားပြီး လုပ်နေကြတာ။ ဒါကြောင့်မို့မဲဆန္ဒ ပေးတဲ့အခါမှာ တကယ့် လူကောင်းသူကောင်းကို စဉ်းစား၊ ကျွန်တော်ကတော့ မိဘပြည်သူတွေကို ပြောပြီးပြီ၊ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ရေးထဲမှာ တာဝန်ခံပြီး လုပ်နေရတာဖြစ်တဲ့အတွက် ကျွန်တော့် ကိုယ်စားလှယ်တွေကို ကျွန်တော် အာမခံတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း အာမခံတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ဆိုသည်။
လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မိမိတို့ ရွေးချယ်လိုက်သော ကိုယ်စားလှယ်များသည် ကိုယ့်ရပ်ကိုယ့်ရွာအတွက် ကောင်းရာကောင်းကျိုး လုပ်ဆောင်ပေးမည့်သူများကို ရွေးချယ်ပေးရန် လိုကြောင်း၊ မိမိတို့ ဒေသနှင့် နယ်မြေကို သစ္စာရှိသူများ၊ တိုင်းပြည်ကို ချစ်သူများ၊ အတွေ့အကြုံနှင့် အရည်အချင်းရှိသူများကို ရွေးချယ်ကြရန်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက “ ဒီဇင်ဘာ ၂၈ ရက် ပြာသိုလဆန်း ၁၀ ရက် အဲ့ဒီနေ့မှာ မဲသွားထည့်ရမယ်။ မဲထည့်ဖို့အတွက် မဲဆန္ဒရှင် စာရင်းမှာ ပါပြီလား။ ကြည့်ရော ကြည့်လို့လား။ သူများတွေက မဲမထည့်နဲ့ ဘာညာ၊ ရွေးကောက်ပွဲကြီးကို နင်တို့အတွက်မဟုတ်ဘူး။ ဘာအတွက် ညာအတွက်၊ တပ်က မတရားလုပ်နေတာတို့ ဘာတို့ မကြားဘူးလား။ အဲ့တာ နားယောင်ပြီးတော့ သွားမကြည့်ဘူးလား။ အဲ့လို မကြည့်တဲ့သူတွေ မရှိဘူးနော်။ အဲ့တော့ မဲဆန္ဒရှင် စာရင်းမှာ ပါရမယ်။ မဲစာရင်းမှာ ပါရမယ်။ ပထမအကြိမ် ကပ်ပြီးပြီ။ မပါတဲ့သူတွေကို ထပ်ထည့်ဖို့ အချိန်ပေး ထားတယ်။ ဒုတိယအကြိမ် ထပ်ထွက်မယ်။ ဒီရက်ပိုင်းအတွင်း ထပ်ထွက်မှာပေါ့။ ဒုတိယအကြိမ် ကပ်ရင်လည်း ပါ၊ မပါ သွားကြည့်ကြနော်။ မဲစာရင်းမှာ ပါမှ မဲပေးလို့ရတယ်။ ခုနက ရွေးကောက်ပွဲဟာ ကိုယ့်အတွက် ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ အောင်မြင်ဖို့လိုတယ်လို့ အားလုံး သဘောတူတယ်မလား။ အောင်မြင်ဖို့ဆိုတာ ကျွန်တော်တို့ မဲသွားပေး၊ မဲသွားထည့်မှ ပြည့်ပြည့်ဝဝ အောင်မြင်မှာပေါ့။ နို့မို့ဆိုရင် တစ်စွန်းတစ်စပဲ အောင်မြင်သွားမယ်။ ကြည့်မကောင်းဘူးပေါ့” ဟု ပြောကြားသည်။
ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိတို့၏ အမည်များ ပါဝင်ခြင်း ရှိ၊ မရှိ သွားရောက် ကြည့်ရှုကြရန်နှင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မဲရုံများသို့ သွားရောက်၍ မဲသွားထည့်ကြရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က တိုက်တွန်းခဲ့သည်။
Photo - AMK
https://t.me/MyanmarNationalPost




ليست هناك تعليقات:
إرسال تعليق