တာမွေ၊ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အားကစားနှင့် ကာယပညာကော်မတီနှင့် မြို့နယ် ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် ဓမ္မဒါနလမ်းရှိ နတ်ချောင်းအားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်းရှိ အားကစားဝါသနာပါသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ကံ့ကော်ဖူဆယ် အသင်းနှင့် ပိတောက်ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကံ့ကော်ဖူဆယ်အသင်းက ပိတောက်ဖူဆယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ဆုရ အားကစားသမားများ ကွင်းအတွင်းနေရာယူခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော အသင်းများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသူနှင့် အကောင်းဆုံး ဂိုးသမား ဆုရရှိသူများအား သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများသည် ထူးချွန်ဆု ရရှိသော အားကစားအသင်းများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ၂၀၂၅-ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး တာမွေမြို့နယ်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost









ليست هناك تعليقات:
إرسال تعليق