မကွေး ၊ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ကျန်းမာရေးသိပ္ပံဘွဲ့ (၁၁/၂၀၂၅) ပထမနှစ်သင်တန်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသည့် မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များနှင့် သင်တန်းသား မောင်မယ်သစ်လွင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာတဲ့နေရာမှာ အဲ့ဒီနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ သတ်မှတ်စံချိန်၊စံ ညွှန်းတွေကလဲအရေးကြီးတဲ့ တိုင်းတာသတ်မှတ်မှုတစ်ခုအဖြစ် ပါဝင်တယ်ဆိုတာအားလုံး သိကြရမှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူလူထုအပေါင်းကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးတဲ့နေရာမှာ “လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနဲ့ လူတိုင်းရောဂါဘယကင်းရှင်းရေး”တို့ကို ရည်မှန်းချက်များအဖြစ် ထားရှိပြီး အဲဒီရည်မှန်းချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် “ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာ ကုသမှုပေးခြင်း” ဆိုတဲ့ နည်းနာ(၃)ရပ်နဲ့ ဆောင်ရွက်နေတယ်ဆိုတာ အားလုံး အသိဖြစ်ကြောင်း၊ ဒီလိုရည်မှန်းချက်တွေ၊ နည်းနာတွေချမှတ်ဆောင်ရွက်တဲ့နေရာမှာ သတိထားကြည့်ရင် နိုင်ငံလူဦးရေရဲ့ အများစု(၇၀)ရာခိုင်နှုန်းခန့် နေထိုင်နေတဲ့ ဒီအခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဟာ မြန်မာနိုင်ငံမှာတစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပြီး နိုင်ငံအတွက်အလွန်အရေးကြီးကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်၊ ပြောရရင် အခြေခံကျန်းမာရေး ဝန်ထမ်းတွေကို လေ့ကျင့်မွေးထုတ်ပေးနေတဲ့ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်လို့ မောင်တို့ မယ်တို့အနေနဲ့ ဝမ်းသာဂုဏ်ယူကြရမှာဖြစ်ကြောင်း၊ မောင်တို့ဝီရိယစိုက်ထုတ်၍ ကြိုးစားပန်းစားလေ့လာသင်ယူကြဖို့အထူးမှာကြားလိုကြောင်း၊ စာတွေ့လက်တွေ့ ဘာသာရပ်တွေကို သေသေချာချာ လေ့လာကြိုးစားသင်ယူကြဖို့၊ မသိ နားမလည်တာတွေရှိရင်လဲ ဆရာ၊ ဆရာမတွေကို ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်းကြဖို့နဲ့ နောင်တစ်ချိန် တိုင်းပြည်တာဝန်တွေထမ်းဆောင်ကြတဲ့ အချိန်မှာ အရည်အသွေး၊ အရည်အချင်းပြည့်ဝတဲ့ ကျန်းမာရေးဝန်ထမ်းကောင်းတွေဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)-ပါမောက္ခချုပ် ဒေါက်တာထွန်းတင်က ကျန်းမာရေးသိပ္ပံဘွဲ့(အခြေခံကျန်းမာရေး)သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပညာသင်နှစ်အလိုက် သင်ကြားပေးမည့်အစီအစဉ်များနှင့် ကျောင်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment