တာမွေ၊ ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အားလုံး မဲစာရင်းတွင် မခြွင်းမချန် ပါဝင်စေရေး၊ မဲစာရင်းတွင် ပါဝင်သင့်၊ ပါဝင်ထိုက်သူများ ပါရှိရေး၊ မပါဝင်သင့်သူများ မပါရှိ စေရေးနှင့် မဲစာရင်းများ မှန်ကန်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အိမ်တိုင်ရာရောက် (door to door) မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော် နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်းတွင် ပါဝင်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းအချက်အလက်များ မှန်/မမှန် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး မဲစာရင်း တွင် အမည်စာရင်းမပါဝင်ပါက ပုံစံ(၃)ဖြင့်လျှောက်ထားတင်ပြနိုင်ရေးအတွက်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့် သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ရေးအတွက်လည်းကောင်း၊ မဲစာရင်းတွင် ပါဝင်သည့် အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်နိုင်ရေးအတွက်လည်းကောင်း အိမ်တိုင်ရာရောက် (door to door) မြေပြင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာရာ၌ မြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ ( ၉၀၅၈၀ )ဦးအထိရှိပြီး မဲစာရင်းတွင် အမည်စာရင်းမပါဝင်သဖြင့် ပုံစံ(၃)ဖြင့် လျှောက်ထားသူ ( ၁၂၁၉ )ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေသဖြင့် ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ( ၆၉၃ )ဦးနှင့် မဲစာရင်းတွင် ပါဝင်သည့် အချက်အလက်များ မှားယွင်းနေသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ခွင့်တင်ပြသူ ( ၁၆၃ )ဦးအထိ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သတင်းရရှိသည်။
နိုင်လင်းအောင်
#MNP #News




ليست هناك تعليقات:
إرسال تعليق