ရွေးကောက်ပွဲမှာ Electronic Voting Machine တွေ အသုံးပြုခြင်းဟာ ရွေးကောက်ပွဲ အတွက် ဆုလာဘ်တစ်ခုဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွေးကောက်ပွဲမှာ Electronic Voting Machine တွေ အသုံးပြုခြင်းဟာ ရွေးကောက်ပွဲ အတွက် ဆုလာဘ်တစ်ခုဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ပြောကြား


နေပြည်တော်၊ ဒီဇင်ဘာ ၃၀

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ ကျင်းပပြီးစီးခဲ့သည့် အပိုင်း (၁) ရွေးကောက်ပွဲသို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအဖွဲ့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool က ရွေးကောက်ပွဲမှာ Electronic Voting Machine တွေ အသုံးပြုခြင်းဟာ ရွေးကောက်ပွဲ အတွက် ဆုလာဘ်တစ်ခုဖြစ်ကြောင်း မှတ်ချက်ပြု ပြောဆိုသွားသည်။

နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများမှတ်ချက်ပြုပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ က "ကြွရောက်လာကြတဲ့ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးနှင့်တကွ တာဝန် ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ ဧည့်သည်တော်များ ခင်ဗျာ။ မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်လေ့လာရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်ပြီး လေ့လာခဲ့ပါတယ်။ ကျွန်တော်တို့ Delegation အဖွဲ့မှာ ရုရှားနိုင်ငံရဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်များပါမက ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်များပါ ပါဝင်ပါတယ်။ သူတို့က မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲသာမက အခြားနိုင်ငံများမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုပါ တစ်ကြိမ်မက လေ့လာခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံများကိုလည်း မိတ်ဆက်ပေးပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကို ချိန်ထိုးပြီး လာရောက်လေ့လာနေတာဖြစ်ပါ တယ်။ ကျွန်တော်တို့ မနေ့ကလေ့လာခဲ့တဲ့အချိန်မှာ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ရဲ့ ကြိုးစား အားထုတ်မှုများကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။ ဒီအလုပ်တွေဟာ တကယ်တော့ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ တကယ်ကြိုးစားအားထုတ်နေတယ်ဆိုတာ သိသာမြင်သာပါတယ်။ ကျွန်တော်တို့ မနေ့ကလေ့လာခဲ့တဲ့အချိန်မှာ ရွေးကောက်ပွဲမဲပေးနေကြတာဟာ အီလက်ထရောနစ်စက်တွေကို အသုံးပြုနေတာ တွေ့ရပါတယ်။ အီလက်ထရောနစ်စက်တွေဟာ တာဝန်ရှိသူများ ရှင်းပြချက်များအရ ပြင်ပက အီလက်ထရောနစ် နှောင့်ယှက်မှုတွေ လုံးဝမပြုလုပ်နိုင်ဘူးဆိုတာလည်း သိရပါတယ်။ ကျွန်တော်တို့ မျက်မြင်ကြည့်တဲ့အချိန်မှာလည်း မှန်ပါတယ်။ ကောင်းကောင်းမွန်မွန်လည်း အလုပ်လုပ်ပါတယ်။ ပြင်ပက နှောင့်ယှက်မှုပုံစံမျိုးလည်း မတွေ့ရပါဘူး။ ဒီစက်တွေကို အသုံးပြုပြီးတော့ ရွေးကောက်ပွဲလုပ်ဆောင်ခြင်းဟာ တကယ်စစ်မှန်တဲ့ ရလဒ်တွေရရှိလာလိမ့်မယ်လို့ သုံးသပ်ရရှိပါ တယ်။ အခုရွေးကောက်ပွဲမှာ Electronic Voting Machine တွေ အသုံးပြုခြင်းဟာ ရွေးကောက်ပွဲ အတွက် ဆုလာဘ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ အသုံးပြုတဲ့စက်တွေအနေနဲ့ အရင်တုန်းက ရွေးကောက်ပွဲမဲပေးတဲ့အချိန်မှာ ကြာမြင့်မှုတွေကို အများကြီးလျှော့ချနိုင်တာကို ကျွန်တော်တို့ မျက်မြင်ပဲတွေ့ခဲ့ပါတယ်။ မဲပေးမှုလုပ်ငန်းတွေ မြန်ဆန်လာတာ တွေ့ရှိခဲ့ပါတယ်။ ဆန္ဒမဲပေးမယ့် လူတွေက အတန်းရှည်ကြီးတွေ တန်းစီပြီးတော့ တကယ်ကို တက်ကြွစွာ တွေ့ရပါ တယ်။ သူတို့လည်း ပျော်ရွှင်နေကြပါတယ်။ ဒီမှာ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်က ဝန်ထမ်းတွေလည်း ကိုယ့်အလုပ်ကို ဂရုတစိုက် တက်ကြွစွာ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ မနေ့က ကျွန်တော်တို့ မဲပေးတဲ့ပြည်သူတွေကို သွားရောက်ပြီး နှုတ်ဆက်စကားနဲ့ အခြားမေးမြန်းမှု အနည်းငယ်ပြုလုပ်ခဲ့ပါတယ်။ သူတို့အားလုံးက တက်ကြွနေကြပါတယ်။ ရွေးကောက်ပွဲကို စိတ်ဝင် တစားလည်းရှိကြပါတယ်။ ပျော်ရွှင်တက်ကြွစွာ မဲပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း သူတို့ပြောပါတယ်။ ပါတီတွေက စောင့်ကြည့်နေတဲ့ကိုယ်စားလှယ်တွေကလည်း သူတို့အလုပ်ကို ဂရုတစိုက် လုပ်ဆောင်နေ ကြတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ မဲပေးတဲ့သူတချို့ဟာ သူတို့မိသားစုဝင်တွေနဲ့ မဲရုံတွေမှာ စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။ ဒါက တကယ့်ကို အပေါင်းလက္ခဏာဆောင်တဲ့သဘော ဖြစ်ပါတယ်။ ဒီလိုမျိုးတွေကိုကြည့်ရတာ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို ပြည်သူတွေက ယုံကြည်မှုရှိတယ်။ လုံခြုံရေးကိစ္စရပ်တွေကိုလည်း ယုံကြည်မှုရှိတယ်ဆိုတဲ့ သဘောလက္ခဏာတွေကို ဆောင်ပါတယ်။ ဒါကြောင့် အခုကျင်းပတဲ့ ရွေးကောက်ပွဲအပေါ်မှာ ကျွန်တော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်တာရယ် ရွေးကောက်ပွဲအပေါ်မှာ ဆောင်ရွက်ပေးထားတဲ့ တာဝန်ရှိသူတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေ၊ လုံခြုံမှုအပြည့်အဝပေးနိုင်တာ အတွက် ကျွန်တော်တို့ ရုရှား Delegation အဖွဲ့ကိုယ်စား ဂုဏ်ယူပါတယ်လို့ ပြောလိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပပေးသူတွေရော ပါဝင်တဲ့ပြည်သူတွေပါ လိုလားတဲ့ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အောင်မြင်မှုရှိမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ရွေးကောက်ပွဲအပေါ်မှာ ဥပဒေနဲ့လျော်ညီစွာ ကြိုးပမ်းအားထုတ်မှုတွေဟာ မေ့ပျောက်လို့ရမယ့်ကိစ္စတွေမဟုတ်ပါဘူး။ တာဝန်ရှိသူတွေအနေနဲ့ ဂရုတစိုက်နဲ့လုပ်ဆောင်နေတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ဝန်ထမ်းတွေ ရွေးကောက်ပွဲအပေါ် တကယ့်ကို ကြိုးစားအားထုတ်ခဲ့မှုတွေ၊ မြန်မာနိုင်ငံ အကြီးအကဲရဲ့ ရွေးကောက်ပွဲအပေါ် တကယ့်ကို စိတ်ဆန္ဒအမှန်နဲ့ ကြိုးပမ်းခဲ့မှု၊ မြန်မာနိုင်ငံကပြည်သူတွေ ပြင်းပြစွာဆန္ဒရှိမှုကို ဝမ်းသာဂုဏ်ယူကြောင်း ပြောလိုပါတယ်။ ရွေးကောက်ပွဲအပိုင်း (၁) ကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် များစွာဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်" ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ ဖိတ်ကြားထားသော ဒုတိယဝန်ကြီးများ၊ ရွေးကောက်ပွဲလာရောက်စောင့်ကြည့်လေ့လာခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာနမှ Ms. Chen Xuanbo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကာဇက်စတန်နိုင်ငံရွေး ကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Yerman Mukhtar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် Mr. YICH Samethy ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲ Mr. Nguyen Duc Thinh ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario Jose Armengol Campos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ အငြိမ်းစားဗိုလ်ချုပ် Mr. Sahni Arun Kumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ဂျပန်-မြန်မာအသင်းမှ Mr. Yusuke WATANABE ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)