KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၅ လုံး ထပ်မံဖြိုချဖျက်ဆီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၂၀ လုံး ထပ်မံချိပ်ပိတ်သိမ်းဆည်း - Myanmar National Post

Myanmar National Post

News Agency

Breaking

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၅ လုံး ထပ်မံဖြိုချဖျက်ဆီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၂၀ လုံး ထပ်မံချိပ်ပိတ်သိမ်းဆည်း











နေပြည်တော်၊ ဒီဇင်ဘာ ၂

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) အပိုင်း(၃)နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများဖြစ်သော ၁ ထပ်အားကစားရုံ ၁ လုံး၊ ၂ ထပ် KTV အဆောက်အအုံ ၁ လုံး၊ ၂ ထပ်လူနေအဆောက်အအုံ ၂ လုံး၊ ၄ ထပ်အဆောက်အအုံ ၁ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၅ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် အပိုင်း(၃)နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ ၁၄၀ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၂၈၈ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအား နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၁၆၉ လုံးကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါအဆောက်အအုံများကို ပြန်လည်အသုံးပြုမှုမရှိစေရေးအတွက် သိမ်းဆည်းချိပ်ပိတ်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တရားမဝင်အဆောက်အအုံ ၂၀ လုံးကို ထပ်မံချိပ်ပိတ်သိမ်းဆည်းနိုင်ခဲ့ပြီး တရားမဝင်အဆောက်အအုံ စုစုပေါင်း ၁၆၁ လုံး ချိပ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရှိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိမြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၉၅၄ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၁၈၇၀ လုံး၊ star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို စိစစ်တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၉၈ ဦး၊ ကင်ညာနိုင်ငံသား ၃၇ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၃၆ ဦး၊ ယူဂန်ဒါနိုင်ငံသား ၁၈ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၅ ဦး၊ ဂါနာနိုင်ငံသား ၂ ဦး၊ ဇင်ဘာဘွေနိုင်ငံသား ၂ ဦး၊ ရဝမ်ဒါနိုင်ငံသား ၁ ဦး၊ တိုဂိုနိုင်ငံသား ၁ နှင့် ဘီနင်နိုင်ငံသား ၁ ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၄၁၁ ဦးတို့အား ယနေ့တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၄၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ကြောင်း၊ ၎င်းတို့အနက်မှ ၁၀၆၀၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၃၄၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News #KKPark

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)