မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့ မြဝတီမြို့ KK Park နှင့် ရွှေကုက္ကိုလ်ဒေသများ သို့ လှည့်လည်သွားရောက်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ဆွေးနွေးညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့ မြဝတီမြို့ KK Park နှင့် ရွှေကုက္ကိုလ်ဒေသများ သို့ လှည့်လည်သွားရောက်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ဆွေးနွေးညှိနှိုင်း












နေပြည်တော်၊ ဒီဇင်ဘာ ၁၅

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင် ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ် နယ်မြေ များတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုများ တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်-ထိုင်း (၃)နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီမှ တွဲဖက်အတွင်းရေးမှူး(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၂)၊ ရဲဗိုလ်ချူပ် မျိုးမင်းထိုက်နှင့် တာဝန်ရှိသူများ၊ မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများသည် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်မှုအား လေ့လာရန် ရောက်ရှိလာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ လက်ထောက် ဝန်ကြီး၊ Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ Office of Assistant Commissioner General Pol.Lt. Gen. Jirabhop Bhuridej မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် ကြိုဆိုခဲ့ကြသည်။

ထို့နောက် မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ် သုံးဖွဲ့တို့သည် ယနေ့ နံနက် ၈ နာရီတွင် မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားမှ KK Park နယ်မြေသို့ ထွက်ခွာခဲ့ပြီး KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အဦများ ဖြိုချဖျက်ဆီးထားမှုများအား ကြည့်ရှု စစ်ဆေးခဲ့ကြကာ မြဝတီမြို့မှ ရွှေကုက္ကိုလ်နယ်မြေသို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး တရားမဝင် နိုင်ငံခြားသားများထားရှိရာ အဆောက်အဦများအား လည်းကောင်း၊ စနစ်တကျဖြင့် မိုင်းခွဲဖျက်ဆီးထားသော အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်ခဲ့သည့် အဆောက်အအုံ များအား လည်းကောင်း၊ လှည့်လည်ကြည့်ရှုခဲ့ကြပြီး မြဝတီမြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ မြဝတီမြို့ရှိ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ကွပ်ကဲရေးရုံးသို့ ရောက်ရှိပြီး ယင်းနေရာတွင် ထိန်းသိမ်းထားရှိသည့် တရုတ်နိုင်ငံသားများကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ဆက်လက်ပြီး သုံးနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များသည် မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမ၌ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းတယ်လီကွန်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာ Myanmar-China-Thailand Tri-lateral meeting ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် မြဝတီဒေသရှိ အွန်လိုင်း လိမ်လည်မှု (Telecom Fraud)များ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေး နှင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်ရာတွင် အဆင်ပြေချောမွေ့ စေရေး ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ အား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကိုယ်စားလှယ်အဖွဲ့ သုံးဖွဲ့သည် ညနေပိုင်းတွင် မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံသို့ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)