ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၁၄-၁၂-၂၀၂၅ ရက်နေ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာ ဗိုလ်ချုပ်ဇော်မင်းထွန်း က KNU အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့သည့် တရားမဝင် လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အတွင်းမှာတော့ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း တွေဟာ ထိုင်း - မြန်မာ နယ်စပ် မြဝတီဒေသကို ရောက်ရှိလာပြီး ဒုစရိုက်လုပ်ငန်းတွေကို ပြန်လည် လုပ်ဆောင်လာတဲ့ အတွက် မြန်မာ - ထိုင်း - တရုတ် သုံးနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေး အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ မဲဆောက်မြို့တို့မှာကျင်းပပြီး အွန်းလိုင်းလိမ်လည်မှု (Online Scam)နဲ့ အွန်လိုင်းလောင်းကစားမှု (Online Gambling)ဆိုင်ရာ ရှေ့ပြေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသများမှာ Online လိမ်လည် လောင်းကစားမှုကျူးလွန်ဖို့ အဓမ္မစေခိုင်းတဲ့ဖြစ်စဉ်တွေကို သုံးနိုင်ငံနားလည်မှုရှိရှိ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု (Trilateral Cooperation)ပုံစံ ထိထိရောက်ရောက် ပူးပေါင်းနှိမ်နင်းလျက် ရှိနေပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ Online လိမ်လည်လောင်းကစားမှုတွေမှာ ပါဝင်ပတ်သက် နေတဲ့သူတွေကို သက်ဆိုင်ရာအိမ်နီးချင်း နိုင်ငံများနဲ့ တက်ကြွစွာ ပူးပေါင်းပြီး ဖော်ထုတ်ဖမ်းဆီးမှု တွေကိုဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနယ်မြေမှာ Online လောင်းကစားမှုတွေ ၊ Online လိမ်လည် လောင်းကစားမှုလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ နိုင်ငံခြားသားတွေ ဘယ်လိုမျိုး ရောက်ရှိလာသလဲ ဆိုတဲ့ဟာကို ယခင်ကလည်း ကျွန်တော်တို့ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီဒေသကို ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေရဲ့ ၉၉ ဒသမ ၆ ရာခိုင်နှုန်းလောက်က တစ်ဖက်နိုင်ငံ ကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ကူးပြောင်းရောက်ရှိ လာတာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်လာပြီး ဒီ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ တရားမဝင်နိုင်ငံခြားသားတွေကိုလည်း မပြတ်ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြည်နှင်လွှဲပြောင်းပေးနေပါတယ်။
ကရင်ပြည်နယ် မြဝတီဒေသမှာ ဒီOnline လိမ်လည်လောင်းကစားလုပ်ငန်းတွေရဲ့ အစက ၂၀၁၇ ခုနှစ်က စတင်ခဲ့တဲ့ ရွှေကုက္ကိုလ် စီမံကိန်းဖြစ်ပါတယ်။ ရွှေကုက္ကိုလ်စီမံကိန်းဆိုတာ မြန်မာ-ရထိုက် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်စီမံကိန်းအဖြစ် Yatai International Holding Group နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းတွေစတင်ဖို့ကို ၂၀၁၆ ခုနှစ်လောက်ကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက NLD အစိုးရရဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ပိုင်း ၂၀၁၇ ခုနှစ်၊ ဧပြီလထဲမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြခွင့်ပြုချက် ယူခဲ့ကြောင်းသိရှိရပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတော့ စီမံကိန်းတင်ပြရာမှာ လောင်းကစားရုံတွေ တည်ဆောက်မယ့် အစီအစဉ် မပါဝင်ဘူးလို့ဆိုခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ခွင့်ပြုပေး ထားတဲ့ အဆောက်အဦတွေ ထက်ပိုမိုဆောက်လုပ်နေကြောင်း ပြည်သူတွေက တိုင်ကြားတဲ့အတွက် ဒါနဲ့ ပတ်သက်ပြီးလည်း အဲ့ဒီအချိန်က တာဝန်ရှိတဲ့ NLD အစိုးရ အနေနဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တာကြောင့် စီမံကိန်းလုပ်ငန်းတွေ ယာယီရပ်ဆိုင်းခဲ့တာ ကိုလည်း တွေ့ရှိရပါတယ်။ ဒီစီမံကိန်းကိစ္စကို အဲဒီတုန်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးရဲ့(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာလည်း မေးခွန်းမေးမြန်းမှုနဲ့ ပြန်လည် ဖြေကြားမှုတွေ လုပ်ခဲ့တာရှိပါတယ်။ နောက်ပိုင်းမှာ လောင်းကစားလုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့ သူတွေက ရပ်ဆိုင်းနေတဲ့လုပ်ငန်းတွေ ဆက်လုပ်လို့ရအောင် တရုတ်နိုင်ငံက အကောင်အထည်ဖော် နေတဲ့ BRI စီမံကိန်းမှာ ပါဝင်သယောင် ဝါဒဖြန့်ခဲ့တာတွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက BRI စီမံကိန်းမှာမပါဝင်ကြောင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတုန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို သံအမတ်ကြီး မစ္စတာ ချန်ဟိုင် လာရောက်တွေ့ဆုံစဉ်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီရွှေကုက္ကိုလ်စီမံကိန်းတစ်ခုတည်းသာ နိုင်ငံတော်ကို တစ်စိတ်တစ်ပိုင်း တင်ပြပြီးဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် ကျန်တဲ့ ကျောက်ခက်နဲ့ KK Park စတဲ့ စီမံကိန်းတွေကတော့ လုံးဝတင်ပြခဲ့တာ မရှိဘူး ဆိုတာလည်း တွေ့ရှိရပါတယ်။
မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာမှာ လုပ်နေတဲ့ Chongkhaed Garden Resort လောင်းကစားရုံစီမံကိန်းကို KKO အဖွဲ့က ဗိုလ်မှူးချုပ် အဆင့်ရှိတဲ့ စိုင်းကျော်လှ က ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ထိုင်းနိုင်ငံအခြေစိုက် ထိုက်ချန်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး Online လိမ်လည်လောင်းကစားမှုလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ခဲ့တာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
နောက်ပြီး KK Park စီမံကိန်းကိုတော့ KNU အဖွဲ့ ရဲ့ မုလအိအလင်း( Mu La Ei Ahlin) ကုမ္ပဏီနဲ့ ဟွာ့ည အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစု (Huanya International Holding Group) လက်အောက်ခံ ထိုင်းနိုင်ငံအခြေစိုက် Trans Asia International Holding Group တို့ က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ သဘောတူစာချုပ်ချုပ်ပြီး စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစာချုပ်မှာ မုလအိအလင်း ဘက်က အသိသက်သေများအနေနဲ့ လက်ရှိ KNU ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ စောကွယ်ထူးဝင်းနဲ့ KNU ကာကွယ်ရေးဌာနရဲ့ အကြီးအကဲဖြစ်တဲ့ စောရော်ဂျာခင် တို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားကြောင်းကိုလည်း ကျွန်တော်ပြောပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီမုလအိအလင်း ကုမ္ပဏီဆိုတာ KNLA စစ်ဦးစီးချုပ်အဆင့်ရှိ စောဂျော်နီ ရဲ့ သားအကြီးဆုံးဖြစ်တဲ့ စောဒို့စိုးဂျော်နီ က ပိုင်ဆိုင်တာဖြစ်ပြီး မြေပြင်မှာတော့ သူလူယုံတွေဖြစ်တဲ့ စောဝင်းကျော်နဲ့ စောကျော်သူတို့က လုပ်ကိုင်နေတာ ဖြစ်ကြောင်းကိုလည်း စိစစ်တွေ့ရှိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်တွေကြောင့် နိုင်ငံတော်ရဲ့ လုံခြုံရေး အခြေအနေတွေအပေါ်အခွင့်ကောင်းယူပြီး ဒီဒေသတွေမှာ တရားမဝင်အဆောက်အဦတွေ တိုးချဲ့ ဆောက်လုပ်နေကြောင်း သိရှိရတဲ့အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ကစလို့ သက်ဆိုင်ရာ ကရင်ပြည်နယ်အစိုးရကို တရားမဝင်အဆောက်အဦတွေ ဆောက်လုပ်နေထိုင်မှုမရှိစေရေး စစ်ဆေး ကြပ်မတ်ဖို့ ညွှန်ကြားခဲ့တဲ့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်ကလည်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး အဲဒီတရားမဝင် အဆောက်အဦတွေ ဆောက်လုပ်တဲ့ နယ်မြေတွေက လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ ရရှိထားတဲ့ သူတွေကို တရားစွဲဆိုခဲ့ပြီး ဥပဒေလုပ်ထုံး လုပ်နည်းတွေ အတိုင်း လုပ်ပိုင်ခွင့်တွေ ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား လက်လှမ်းမီပြီး တည်ငြိမ်အေးချမ်းတဲ့ နယ်မြေ ဒေသတွေမှာ အခုလိုတရားမဝင်တဲ့ ဒုစရိုက်ရာဇဝတ်မှုတွေကို လုပ်ဆောင်လို့မရနိုင်ပါဘူး။ ဒါ့ကြောင့် KNU အဖွဲ့ဟာ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ KNU တပ်မဟာ ၅ က ဖာပွန်မြို့နယ်ထဲမှာရှိတဲ့ သီးမူးထာ နယ်မြေခံလုံခြုံရေးစခန်းကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး NCA သဘောတူညီချက် တွေကို ချိုးဖောက်ကာ နယ်မြေဒေသတည်ငြိမ်မှုမရှိစေဖို့ စတင်ဖန်တီးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှာတော့ သင်္ကန်းညီနောင်မြို့ကို KNU နဲ့ PDF တို့ပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ကော့ကရိတ်နဲ့ သင်္ကန်းညီနောင်မြို့ကြားက အာရှလမ်းမကြီးကို အကြမ်းဖက်သောင်းကျန်းသူတွေက ထိန်းချုပ်ခဲ့ကြပါတယ်။ ကရင်ပြည်နယ် နယ်စပ်ဒေသအနှံ့အပြားမှာ KNU နဲ့ အပေါင်းပါ သောင်းကျန်းသူအဖွဲ့တွေက လုံခြုံရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေကို တိုက်ပွဲဖော်ဆောင်ပြီး နယ်မြေ ဒေသမတည်ငြိမ်အောင် လုပ်ခဲ့ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်မှုတွေနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေကို KNU ထိန်းချုပ်နယ်မြေတွေထဲကနေ ဖယ်ရှားပြီး အခုဖြစ်ပေါ်နေတဲ့ Online လိမ်လည်လောင်းကစားမှုနဲ့ ဒုစရိုက်လုပ်ငန်းတွေကို သောင်းကျန်းသူအဖွဲ့တွေက အခကြေးငွေယူ အကာအကွယ်ပေးပြီး ဥပဒေမဲ့ လုပ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ . အစိုးရအနေနဲ့ ဒီ Online လိမ်လည်လောင်းကစားမှုလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အမြစ်ပြတ်ချေမှုန်းဖို့ ရည်မှန်းထားတဲ့အတိုင်း ဒီသောင်းကျန်းသူတွေ ယာယီထိန်းချုပ်ထားတဲ့ အာရှလမ်းမကြီးပေါ်က ကျုံဒိုး - ကော့ကရိတ် လမ်းပိုင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း၊ ကော့ကရိတ်မြို့နဲ့ ကော့ကရိတ် - သင်္ကန်းညီနောင် လမ်းပိုင်းကို စက်တင်ဘာလအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အသက်သွေးချွေးတွေပေးဆပ်ပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ KNU နဲ့အပေါင်းပါသောင်းကျန်းသူတွေဟာ ရရှိလာတဲ့ တရားမဝင် ငွေကြေးနဲ့ လူအင်အား၊ ငွေအင်အား အလုံးအရင်းသုံးပြီး နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင် လုပ်ဆောင်ခဲ့တာကို တပ်မတော်က ခက်ခက်ခဲခဲ ပြန်လည်တိုက်စစ်ဆင်ပြီး တည်ငြိမ်မှုရှိအောင် လုပ်ခဲ့ရပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ လေးကေ့ကော် အပါအဝင် နယ်စပ်ဒေသတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မြဝတီဒေသကို နယ်မြေ စိုးမိုးရေးဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံထဲကို ဝင်ရောက်လာပြီး ဒီ Online လိမ်လည်လောင်းကစားမှုလုပ်ငန်း အပါအဝင် ဒုစရိုက်လုပ်ငန်းတွေလုပ်ဆောင်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသားတွေကို အဆက်မပြတ် ဖမ်းဆီး ထိန်းသိမ်းကာ သက်ဆိုင်ရာနိုင်ငံတွေကို ပြည်နှင်လွှဲပြောင်းပေးမှုတွေ ဆက်လက်ဆောင်ရွက် နေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိနိုင်ငံပေါင်း ၅၄ နိုင်ငံက နိုင်ငံခြားသား ၇၀,၁၃၅ ဦးကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ မြဝတီဒေသမှာ Online လိမ်လည် လောင်းကစားမှုလုပ်ငန်းတွေနဲ့ ဒုစရိုက်လုပ်ငန်းတွေ ပြန်လည်အခြေမချနိုင် စေဖို့အတွက် တရားမဝင် ဆောက်လုပ်ထားတဲ့အဆောက်အဦတွေကို အပြီးတိုင် ဖြိုချဖျက်ဆီး ရှင်းလင်းခြင်းတွေ ဆောင်ရွက်နေပါတယ်။ KK Park နယ်မြေထဲမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ၃၉၈ လုံးကို ဖြိုချဖျက်ဆီးရှင်းနိုင်ခဲ့ပြီး ကျန်ရှိတဲ့ ၂၃၇ လုံးကိုလည်း ဆက်လက်ဖြိုချဖျက်ဆီးသွားမှာ ဖြစ်ပါတယ်။ Online လိမ်လည်လောင်းကစားမှုလုပ်ငန်းတွေကို ကျွန်တော်တို့ အမြစ်ပြတ်အောင် တိုက်ဖျက်ရှင်းလင်းနေမှုအပေါ် KNLA နဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့ ပူးပေါင်းပြီး မြဝတီဒေသ၊ လေးကေ့ကော်နဲ့ အနီးဝန်းကျင်တစ်ဝိုက်မှာ တိုက်ပွဲတွေဖော်ဆောင်ကာ အမျိုးမျိုးနှောင့်ယှက်နေ ပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၈ ရက်နေ့အတွင်း တိုက်ပွဲဖြစ်စဉ် ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အသက်ခန္ဓာစွန့်လွှတ်ခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ တရားမဝင်ဒုစရိုက်လုပ်ငန်းတွေကို ဆက်လက်ရှင်းလင်း ဆောင်ရွက်သွား မှာဖြစ်ကြောင်း၊ ကျွန်တော်တို့အနေနဲ့ အဲဒီဒေသက အခိုင်အမာ အဆောက်အဦတွေကိုလည်း Online လောင်းကစားမှု ပြန်လည်မလုပ်ဆောင်နိုင်အောင် မြေလှန် ဖျက်ဆီးမှု၊ မိုင်းခွဲဖျက်ဆီးမှုတွေလုပ်ပြီး ရေသောက်မြစ်ပါမကျန်အောင် အမြစ်ဖြတ် ဖျက်ဆီးလျက် ရှိကြောင်း ရှင်းလင်းပြောကြားသွားသည်။
#MNP #News #Yangon

No comments:
Post a Comment