Pages

Pages

(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ရွှေတံဆိပ်ဆု (၂၀) ခု၊ ငွေတံဆိပ်ဆု (၁၉) ခု၊ ကြေးတံဆိပ်ဆု (၂၀) ခုဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့


ရန်ကုန်၊ ဇန်နဝါရီ ၂၉

(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမားမြို့တို့၌ အားကစားနည်း (၁၉) နည်းအား ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အားကစားနည်း (၁၁) နည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်ဆု (၁၁) ခု၊ ငွေတံဆိပ်ဆု (၁၅) ခု၊ ကြေးတံဆိပ်ဆု (၁၁) ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်ဆု (၈) ခု၊ ငွေတံဆိပ်ဆု (၃) ခု၊ ကြေးတံဆိပ်ဆု (၃) ခု၊ ဘော်လီဘောအားကစားနည်းမှ ရွှေတံဆိပ်ဆု (၁) ခု၊ ဘောလုံးအားကစားနည်းမှ ငွေတံဆိပ်ဆု (၁) ခု၊ စစ်တုရင် (မျက်မမြင်) အားကစားနည်းမှ ကြေးတံဆိပ်ဆု (၃) ခု၊ စားပွဲတင်တင်းနစ်အားကစားနည်းမှ ကြေးတံဆိပ် ဆု (၁) ခု၊ အလေးမအားကစားနည်းမှ ကြေးတံဆိပ်ဆု (၁) ခု၊ ဂိုးလ်ဘောအားကစားနည်းမှ ကြေးတံဆိပ်ဆု (၁) ခု၊ မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ်ဆု (၂၀) ခု၊ ငွေတံဆိပ်ဆု (၁၉) ခု၊ ကြေးတံဆိပ်ဆု (၂၀) ခု၊ စုစုပေါင်းဆုတံဆိပ် (၅၉) ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန်ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး နိုင်ငံအလိုက် အဆင့် (၆) တွင် ရပ်တည်နိုင်ခဲ့သည်။ 

အောင်မြင်မှုဆုတံဆိပ်များရယူ၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရမြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သော အားကစားအဖွဲ့သည် ယမန်နေ့ညနေ (၁၈:၃၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ကျောင်းသား/ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုး မိတ်သင်္ဂဟများနှင့် အားကစားဝါသနာရှင် မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ အောင်သပြေပန်းစည်းများနှင့် စံပယ်ပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း (၁၁) နည်းအနက် သေနတ်ပစ်၊ ဘိုစီရာနှင့် ဘိုးလင်းအားကစားနည်းများမှလွဲ၍ ပြေးခုန်ပစ်၊ ရေကူး၊ ဘော်လီဘော၊ ဘောလုံး၊ စစ်တုရင် (မျက်မမြင်)၊ စားပွဲတင်တင်းနစ်၊ အလေးမ၊ ဂိုးလ်ဘောစသည့် အားကစားနည်း (၈) နည်းတို့က ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရရှိခဲ့သည့် ရွှေတံဆိပ်ဆုများထက် (၅) ခု ပိုမိုရရှိခဲ့သည့်အတွက် ယခုပြိုင်ပွဲသည် ပိုမိုအောင်မြင်မှုရရှိခဲ့သည့် အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်သူများ၊ မသန်ပေမယ့် စွမ်းဆောင်နိုင်သူများဖြစ်ကြောင်းကို သက်သေစိုက်ထူပြသနိုင်ခဲ့ပါသည်။

အဆိုပါအောင်ပွဲရ မြန်မာမသန်စွမ်းအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

#MNP #News

ليست هناك تعليقات:

إرسال تعليق