Pages

Pages

အမေရိကားမှာ နှင်းမုန်တိုင်းကြောင့် လူအသေအပျောက်တွေ တိုးလာနေ


ဇန်နဝါရီ - ၂၉ ( ကြာသပတေးနေ့ ) 

အမေရိကန်ပြည်ထောင်စုရဲ့ နေရာအနှံအပြားကို ဆက်လက်တိုက်ခတ်နေတဲ့ အားပြင်းတဲ့ ဆောင်းရာသီ မုန်တိုင်း တစ်ခုကြောင့် အနည်းဆုံး လူ ၄၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။ မုန်တိုင်းကြောင့် ကြီးမားသော ဆီးနှင်းများ ရွာသွန်းမှုကြောင့် တောင်ပိုင်းမှ အရှေ့မြောက်အထိ ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ 

မုန်တိုင်းက နှင်းထူထပ်မှုနှင့် ကျဆင်းနေတဲ့ အပူချိန်ကို ယူဆောင်လာကာ တန်နက်ဆီ၊ မစ္စစ္စပီ ၊ လူဝစ္စီယားနား ပြည်နယ်တွေမှာ လမ်းကြောင်းတွေ ပိတ်ဆို့သွားပြီး လူပေါင်း ၅ သိန်းကျော် လျှပ်စစ်မီးပြတ်တောက်တဲ့ ဒဏ်ကို ခံနေရပါတယ်လို့ အင်္ဂါနေ့ ညနေ အေဘီစီသတင်းမှာ ဖော်ပြခဲ့ပါတယ်။ 

တန်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ် မှာ အိမ်ထောင်စုများသည် အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်မှုများ အတွင်း အိမ်များကို အပူပေးရန် မီးစက်တွေမောင်းရလို့ အိမ်တွင်းမှာ ကာဗွန်မိုနောက်ဆိုဒ် ထိတွေ့မှုဖြစ်ပြီး ကလေး ၄၆ ဦးအား ဆေးရုံတင်လိုက်ရပါတယ်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် မြို့တွင်းရှိ အစိုးရကျောင်းများကို ကြာသပတေးနေ့အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရပါတယ်။

အမေရိကန်လေကြောင်းလိုင်းသည် လေယာဉ်ခရီးစဉ်ပေါင်း ၉၀၀၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး လေကြောင်းလိုင်း သမိုင်းတွင် အပျက်အစီးအများဆုံးသော ရာသီဥတုဖြစ်ရပ်များထဲမှ တစ်ခုဖြစ်ခဲ့ပြီး  နိုင်ငံတစ်ဝန်း ခရီးသွားလာမှုကို ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း ဆိုပါတယ်။

ပြင်းထန်သော နှင်းမုန်တိုင်းကြောင့် အဆောက်အအုံတွေ၊ မော်တော်ယာဉ်တွေနဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေ အများကြီး ပျက်စီးမှုများဖြစ်ခဲ့တာကြောင့် အာမခံဌာနက ဒေါ်လာဘီလီယံနှင့်ချီပြီး အာမခံထားသူတွေကို လျော်ကြေးပေး ရနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ 

အအေးလွန်ကဲပြီး အန္တရာယ်ရှိသော အခြေအနေများသည် ဒေသအများအပြားတွင် ဆက်လက်ရှိနေနိုင်ပြီး ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကိုလုပ်နေစဉ် နှင်းများနှင့် ရေခဲများ ဖုံးလွှမ်းနေသည့် နေ့ရက်များမှာ နှင်းတွေကို ဖယ်ရှားပြီး လမ်းရှင်းတဲ့ လုပ်ငန်းတွေ လုပ်နေစဉ်အတွင်း လူ့အဖွဲအစည်းများကြားမှာ ပြဿနာများတက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ 

ပြင်းထန်အအေးလွန်ကဲသော သတိပေးချက်များ၊ အကြံပေးချက်များနှင့်အတူ တောင်ပိုင်းရှိ တက္ကဆက် နှင့် ဖလော်ရီဒါပြည်နယ်များ မှ အရှေ့မြောက်ဘက်ရှိ နယူးယောက်ခ် နဲ့ အနောက်အလယ်ပိုင်းရှိ ဒက်ထရိုက် တို့မှာ ပြင်းထန်သော အအေးဒဏ်ကြောင့် အပူချိန် စံချိန်တင်နိမ့်ကျမည့် အန္တရာယ်ရှိကြောင်းနဲ့ အအေးဒဏ်ကို  အမေရိကန်ပြည်သူ သန်း ၂၀၀ကျော် မှာ သတိထားနေရမည်ဖြစ်ကြောင်း မိုးလေဝသတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News 

ليست هناك تعليقات:

إرسال تعليق