မြိတ်၊ နိုဝင်ဘာ ၁၇
မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခေတ္တရပ်နားထားသည့် တနင်္သာရီ တိုင်းဒေသကြီးပြင်ပမှ မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိကြသော ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများ နိုဝင်ဘာလ(၁၅)ရက်မှ စတင်ကာ မြိတ်-ရန်ကုန် ခရီးစဉ် ယာဉ်လိုင်းများ စတင်ပြန်လည် ပြေးဆွဲလျက်ရှိသည်။
“ရောဂါပြန့်ပွားမှုကလည်း ကျဆင်းသွားပြီဖြစ်တဲ့အတွက် လုပ်သားပြည်သူတွေ သွားလာရေး၊ သာရေး၊ နာရေးနဲ့ အရေးပေါ် ကိစ္စတွေ သွားလာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ယာဉ်လိုင်းများ ပြန်လည်ပြေး ဆွဲခွင့် ပြုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဆီဈေးတွေ တက်နေတဲ့အတွက် သက်ဆိုင်ရာမှ ညွှန်ကြားချက်တွေ မပေးပါဘူး။ လက်ရှိမှာ ရန်ကုန်နဲ့ မြိတ်ကို ငါးသောင်းနဲ့ ပြေးဆွဲနေကြတာ သိရပါတယ်” ဟု မြိတ်မြို့ နယ်ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်သူက ပြောသည်။
ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းလာပြီး ဇူလိုင်လ(၁၅)ရက်နေ့က ယာယီရပ်နားထား ရှိသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများအား ခရီးသွားလာပြည်သူများ ခရီးသွားလာမှု အဆင် ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ (SOP) များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့် ပြုခဲ့ ကြောင်း မြိတ်မြို့နယ်ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
“ကုန်ကားအသင်းယာဉ်လိုင်းများ၊ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများဟာ ခရီးသွားလာခွင့် နဂိုမူလ ရောဂါပိုးရှိတဲ့အချိန်မှာ နှာခေါင်းတို့ဖတ် စစ်ပြီးမှသွားလာရတာဖြစ်အတွက် လက်ရှိအခက်အခဲလေးတွေ ဖြစ်နေပါတယ်။ နှာခေါင်းတို့ဖတ် မထိုးရဘဲသွားလို့ရရင် ပြည်သူတွေ သွားလာမှုပိုပြီးများပြားလာမယ်လို့ ယာဉ်လိုင်းတွေက တောင်းဆိုနေကြပါတယ်” ဟု မြိတ်မြို့နယ်ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေး လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူးက ဖြည့်စွက်ပြောကြားသည်။
ခရီးသည်တင်ယာဉ်လိုင်းအသင်းများအား မော်တော်ယာဉ်တွင် တင်ဆောင်နိုင်သောဦးရေ၏ (၅၀)ရာခိုင် နှုန်းသာ တင်ဆောင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန် ချက်များပါသည့် စည်းကမ်းသတ်မှတ်ချက်(၁၈)ချက်အား ဗီနိုင်းချိန်ဆွဲ၍ ပြည်သူများအား အသိပညာပေးဆောင် ရွက်ရန်နှင့် လိုက်နာစေရေးအတွက် စနစ်တကျဆောင်ရွက်ရန် ယာဉ်လိုင်း များအား အသိပေးအကြောင်းကြားထား ကြောင်း သိရသည်။
“ယာဉ်လိုင်းတစ်ခုဆိုရင် တစ်ဝက်နှုန်း(၅၀)ရာခိုင်နှုန်း ပြေးဆွဲရမယ်။ ကိုဗစ်စည်းကမ်းနဲ့အညီပြေးဆွဲဖို့ ညွှန်ကြားထားတာရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားတယ်ဆိုရင်တော့ ဂိတ်တွေက တရားဝင် ပေးဖြတ်နေတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့ သူဆိုရင် ပေးဖြတ်တယ်။ မထိုးရသေးတဲ့သူကိုလည်း ဆေးမစစ်ဘဲ နှာခေါင်းတို့ဖတ်မယူဘဲ ယာဉ်လိုင်း တွေအားလုံးက ပေးဖြတ်စေချင်ပတယ်။ ကာကွယ်ဆေးမထိုးဘဲနဲ့ ပေးဖြတ်ပါလို့ ညွှန်ကြားထားတာ တော့မရှိဘူး။ တရားဝင်စာထုတ်ပေးရင်တော့ အဆင်ပြေတာပေါ့” ဟု မိုးကောင်းကင်ယာဉ်လိုင်း မြိတ်တာဝန်ခံ ဦးသိန်းဝင်းက ပြောသည်။
မြိတ်မြို့တွင် ဆိုက်ရောက်ထွက်ခွာလျက်ရှိသည့် ယာဉ်လိုင်းများတွင် တိုင်းဒေသကြီး ပြင်ပမှ ဆိုက်ရောက်ထွက်ခွာ ယာဉ်လိုင်း (၂၅) လိုင်းနှင့် တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း (၄၀) လိုင်း စုစုပေါင်းယာဉ်လိုင်း (၆၅) လိုင်းရှိကြောင်း၊ လက်ရှိအချိန်တွင် တိုင်းဒေသကြီးပြင်ပမှ ဆိုက်ရောက်/ထွက်ခွာ ယာဉ်လိုင်း (၁၅) လိုင်း၊ တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း (၃၅) လိုင်းတို့မှ ခရီးသည်တင်မော်တော်ယာဉ်များ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
သတင်း - ခိုင်ထူး (ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment