နေပြည်တော်၊ ဒီဇင်ဘာ ၁၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် သော လမ်း၊ တံတားလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရေး၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့် လိုက်နာနေထိုင်ရေး၊ ပြည်သူများ သွားလာရေး လွယ်ကူအဆင် ပြေစေရေး မိမိပြည်နယ်အတွင်းရှိ လမ်း၊ တံတားများ တိုးတက်ကောင်းမွန်အောင် အလေးထား ဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သံလွင်တံတား(ချောင်းဆုံ)အား မော်တော်ယာဉ် များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေး၍ သံလွင်တံတား(ချောင်းဆုံ) တံတားပြတိုက်အတွင်းရှိ တံတား တည်ဆောက်ရေးတွင် အသုံးပြုခဲ့သော စက်ယန္တရားများ၏ ပုံစံငယ်များနှင့် တံတား တည်ဆောက်ပုံ အဆင့်ဆင့်ကို ပုံစံငယ်များဖြင့် ပြသထားမှုကို ကြည့်ရှုလေ့လာသည်။
ယင်းနောက် အရှေ့ - အနောက် စီးပွားရေး စင်္ကြန်လမ်းမကြီးအပိုင်းတွင် ပါဝင်သည့် ကျိုက်ထိုမြို့ ရှောင်လမ်း ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မော်လမြိုင်လမ်း(ဘုရားကြီး-ကျိုက်ထို အပိုင်း) မိုင်တိုင်အမှတ် (၇၅/၀ နှင့် ၇၅/၁) ကြား အဗျားရေလွှဲပေါက်တံတားဘေးတွင် အရှည် ပေ(၂၄၀) သံကူကွန်ကရစ် တံတားသစ် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ရန်ကုန် - မော်လမြိုင်လမ်း ၊ ပဲခူးမြို့ အရှေ့မြို့ရှောင်လမ်း (၀/၀) မိုင်မှ (၆/၀) မိုင်အထိ လမ်းသစ် ဖောက်လုပ်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပဲခူးမြို့သည် လမ်းပန်းဆက် သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတွင် အချက်အခြာကျသည့် မြို့တစ်မြို့ ဖြစ်လာမည်ဖြစ်ပါ ကြောင်း ၊ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး၏ အစိတ်အပိုင်းတွင်လည်း ချိတ်ဆက် ပါဝင်နေပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည် အရေးကြီးပါကြောင်း၊ လမ်း၊ တံတားများ တိုးတက်ကောင်းမွန်ရေး အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-တောင်ငူ-မန္တလေး ပြည်ထောင်စု လမ်းမကြီး (ပဲခူး-ညောင်လေးပင်အပိုင်း) B.O.T ကုမ္ပဏီများ၏ လမ်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment