မြစ်ကြီးနား၊ ဒီဇင်ဘာ ၁ဝ
ကချင်ပြည်နယ်အတွင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားကျင်းပပြုလုပ်နိုင် ရေးအတွက် အခမ်းအနားများ ကျင်းပရေးဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လွတ်လပ်ရေးနေ့သည် နိုင်ငံတော်အခမ်းအနားဖြစ်ပြီး ကချင်ပြည်နယ်နေ့ သည် လွတ်လပ်ရေးနေ့နှင့် အတူ ပေါက်ဖွားလာသည့်နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် နှစ်စဉ်ကျင်းပမှုများအတိုင်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကော်မတီအလိုက် တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းနှင့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းတို့က လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ ကျင်းပရေးအတွက် ကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေနှင့် ယမန်နှစ်များ တွင် ကျင်းပပြုလုပ်ခဲ့မှု အခြေအနေများကို သုံးသပ်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆပ်ကော်မတီအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့အခမ်းအနားများအတွက် လုပ်ငန်းတာဝန် များအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်သွားရမည့် အသေးစိတ် အစီအစဉ်များနှင့် အားကစားပြိုင်ပွဲ များ ထည့်သွင်းကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို အသီးသီး ရှင်းလင်းတင်ပြကြရာ ဆုံးဖြတ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ဆပ်ကော်မတီအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ပြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲအဖွဲ့သို့ လုပ်ပိုင်ခွင့်၊ အသုံးပြုလျှောက်ထားလာမှုအပေါ် ဗဟိုကော်မတီနှင့် ပြည်နယ်ကော်မတီမှ ဆောင်ရွက်ခွင့်ရှိသည့် လုပ်ငန်းစာတွဲများနှင့်ပတ်သက်၍ လုပ်ငန်းစာတွဲ တစ်ခုခြင်းစီအလိုက် စိစစ်တင်ပြမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက် ခဲ့ကြသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment