သမိုင်းဝင်အခွင့်အရေးနှင့် အကျိုးကျေးဇူးများ - Myanmar National Post

Myanmar National Post

News Agency

Breaking

သမိုင်းဝင်အခွင့်အရေးနှင့် အကျိုးကျေးဇူးများ

 


အချိန်ရေစီးကြောင်းရဲ့ ပြန်ကျော့မှုကြောင့် ဒီဇင်ဘာလကို ရောက်လာခဲ့ပြန်ပါပြီ။ ဒီဇင်ဘာလရဲ့ အေးမြမှုဟာ ကမ္ဘာသူကမ္ဘာသားတွေရဲ့ ရင်ထဲအထိထိုးဖောက်ဝင်ရောက်နိုင်ဖို့တစ်နှစ်ထက် တစ်နှစ် ခက်ခဲလာနေပါတယ်။ လူသားတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ကမ္ဘာသူ ကမ္ဘာသားတွေ အတွက် နေ့စဉ်နဲ့အမျှ စိန်ခေါ်မှုတွေ တိုးပွားလျက်ရှိပါတယ်။ ဆင်းရဲမွဲတေမှုမှစ၍ လက်နက်ကိုင် ပဋိပက္ခအလယ် ကမ္ဘာကြီးပူနွေး လာမှုအပါအဝင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence - Al) ဆိုင်ရာ ခြိမ်းခြောက်မှုတွေအဆုံး အမျိုးမျိုးသော ခြိမ်းခြောက်မှု တွေက ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ စိတ်နှလုံးကို ညှိုးငယ်စေလျက်ရှိပါတယ်။ အဆိုပါ အန္တရာယ်များတဲ့ အခြေအနေတွေဟာ လူသား မျိုးနွယ်ကို ပျက်စီးခြင်းလမ်းကြောင်းပေါ်ကို တွန်းပို့နိုင်တယ်ဆိုတာကို ကျွန်ုပ်တို့ရဲ့ ဘိုးဘွားတွေက ကြိုတင်သိမြင် နားလည်ခဲ့ကြပါတယ်။ ယင်းအခြေအနေတွေကို ကာကွယ်တားဆီးနိုင်ဖို့အလို့ငှာ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ လူသားမျိုးနွယ်တွေရဲ့ သာယာဝပြောရေး ကိုရှေးရှုတဲ့ စဉ်းစားချက်တွေ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်က ကမ္ဘာ့ ကုလသမဂ္ဂစင်မြင့်ထက်မှာ ရှိခဲ့ပါတယ်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ (၇၃) နှစ်မြောက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး နေ့ဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှမှုရှိရေးဆိုတဲ့ အခြေခံ စဉ်းစားချက်တွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကြေညာစာတမ်း ထုတ်ပြန်ခဲ့တဲ့နေ့ကိုပင်လျှင် နောင်အနာဂတ် မျိုးဆက်တွေ အမှတ်ရစေဖို့နဲ့ ကမ္ဘာ့လူ့အခွင့် အရေး ကြေညာစာတမ်းပါ အခြေခံအခွင့်အရေး တွေကို တန်ဖိုးထားစိမ့်သော ငှာအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။


တကယ်တော့ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံး အသုံးအနှုန်းကို ကမ္ဘာ့စင်မြင့်ထက်မှာ တရားဝင် ကြေညာခဲ့ပေမယ့် တကယ့်လူသားတွေရဲ့ အခွင့်အရေး တွေကတော့ ကမ္ဘာဦးအစ လူသားရယ်လို့ ပညတ်အခေါ်အဝေါ် မစတင်မီ ကတည်းက ကမ္ဘာပေါ်ရှိ သတ္တဝါတိုင်းမှာ အခြေခံအခွင့်အရေးဆိုတာ မွေးရာပါအခွင့်အရေးအဖြစ် ပါလာပြီးသားဖြစ်ပါတယ်။ အဲဒီအခြေခံအခွင့်အရေးကတော့ အသက်ရှင်သန်ခွင့်ပါ။ ဒါဟာ သတ္တဝါတိုင်းမှာ အခြေခံအကျဆုံး အခွင့်အရေးဖြစ်ပါတယ်။ လူသားတွေမှာတော့ ဒီထက်ပိုတဲ့ အခွင့်အရေးတွေရှိတယ်ဆိုတဲ့ စဉ်းစား တွေးခေါ်ချက်တွေရှိပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ လူ့အခွင့်အရေးဆိုတဲ့ အသုံးအနှုန်းဟာလည်း လွယ်လွယ်ကူကူပေါ်ပေါက် လာခဲ့တာတော့ မဟုတ်ပါဘူး။ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့အခွင့်အရေးတွေဟာ ယခုမျက်မှောက် ကာလတိုင်အောင် စိန်ခေါ်မှုတွေ ရှိနေဆဲပါ။


လူ့အခွင့်အရေးဆိုတဲ့ အဓိပ္ပာယ်ကိုနားလည်မှု လက်ခံမှုမရှိသေးတဲ့ ကာလတွေဖြစ်တဲ့ ရှေးခေတ် ဘုရင့် နိုင်ငံတွေမှာတောင် ၎င်းအဓိပ္ပာယ်နဲ့ဆင်တူတဲ့ အသုံးအနှုန်းတွေနဲ့ လူသားတွေဟာ ၎င်းတို့ရဲ့ အခွင့် အရေးတွေကို သတိပြုမိကြပါတယ်။ အဲဒီအသုံးအနှုန်းတွေကတော့ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားခြင်း၊ ကိုယ်ချင်းစာတရားထားရှိခြင်း၊ မေတ္တာထားခြင်း၊ ညီမျှခြင်းဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကာလတွေဟာ အမှောင်ခေတ်လို့ ဆိုရမလိုပါပဲ။ အုပ်ချုပ်သူတွေဟာ အုပ်ချုပ်ခံပြည်သူ တွေရဲ့ အခွင့်အရေးကို လျစ်လျူရှုမှုတွေ များခဲ့ပါတယ်။ ပြည်သူ တွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ခွင့်တောင် တစ်ခါတစ်ရံ ခေါင်းစဉ်အမျိုးမျိုး တပ်ခံရပြီး ဆုံးရှုံးခဲ့ရတာတွေရှိခဲ့ပါတယ်။ ဒါတွေဟာ သက်ဦးဆံပိုင် ဘုရင်တွေ အုပ်ချုပ်တဲ့ ကာလတွေ မှာ အထင်အရှားသာဓကတွေရှိပါတယ်။ အခုကာလမှာလည်း အလားတူ သာဓကတွေကို အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအဖြစ် တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။


သို့ပေမယ့် လူသားတွေအနေနဲ့ အသိဉာဏ် ဖွံ့ဖြိုးလာတာကတစ်ကြောင်း၊ ဘာသာရေးကျင့်ဝတ် အဆုံးအမတွေကို သိရှိလိုက်နာလာတာက တစ်ကြောင်း၊ အသိဉာဏ်ဖွံ့ဖြိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုတိုးတက်မှု (Civilization) အခြေအနေကို  ရရှိလာတာကတစ်ကြောင်း မိမိတို့မှာရှိတဲ့ အခြေခံ အခွင့်အရေးတွေသာမက အခြားသောအခွင့်အရေးတွေကိုလည်းပဲ ရရှိခံစားပိုင်ခွင့် ရှိတယ်ဆိုတာကို နားလည်လာကြပါတယ်။ ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု အစတွေမှာ လူသားတွေအနေနဲ့ ပိုမိုပွင့်လင်း လွတ်လပ်လာတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း အပေါ် အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေနဲ့ စပ်လျဉ်းတဲ့ အခွင့်အရေးတွေကိုပါ တောင်းဆို လာနိုင်ပါတယ်။ ဥပမာ မကြာသေးမီက ဆွီဒင်နိုင်ငံသူ တစ်ဦးဖြစ်သူ အသက် (၁၈) နှစ်အရွယ် Greta Thunberg ရဲ့ ရာသီဥတုပြောင်းလဲလာမှုအရေးအတွက် တောင်းဆို ဆန္ဒပြတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ၎င်းရဲ့ လုပ်ဆောင်ချက်ကြောင့် တစ်ကမ္ဘာလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။


အကျိုးကျေးဇူးများ


အခြေခံအခွင့်အရေးတွေဟာ လူသားတွေ အတွက် ဘဝရပ်တည်ရေးမှာ မရှိမဖြစ်အရေးပါတယ် ဆိုတာကို နားလည်လာကြပါတယ်။ သမိုင်းကလည်း လူသားတွေကို သင်ခန်းစာ အတွေ့အကြုံ ကောင်းတွေပေးပါတယ်။ ဒီလိုနားလည်လာခဲ့တာကြောင့် လူ့အဖွဲ့အစည်းမှာ တန်ဖိုးရှိတဲ့ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်။ ပထမအချက်ကတော့ လူသားတွေ ရရှိခံစားခွင့်ရှိတဲ့ အခွင့်အရေး တွေကို အပြည့်အဝ ခံစားခွင့်ရှိမယ်ဆိုရင်၎င်းအခွင့်အရေးတွေဟာ လူသားတွေရဲ့ ဘဝနေထိုင်မှုကို အကာအကွယ်ပေးနိုင်တယ် ဆိုတဲ့ အသိကို ခံစားရစေပါတယ်။ ဒါဟာ အင်မတန် အရေးကြီးပါတယ်။ မိမိဘဝရှင်သန်မှုတောင်မှ အာမခံချက်မရှိရင် အခြားအခွင့်အရေးတွေ တောင်းဆိုခံစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။


ဒုတိယအချက်ကတော့ ၎င်းအခွင့်အရေးတွေဟာ တန်ဖိုးထားအပ်တဲ့ သမိုင်းစဉ်ဆက် အခွင့် အရေး ဖြစ်နေတယ်ဆိုတဲ့အချက်ပါ။ လူသားတွေအနေနဲ့ မိမိတို့ရဲ့ရပိုင်ခွင့်အခွင့်အရေးတွေကို မိမိကိုယ်တိုင် တန်ဖိုးထားကြရမှာဖြစ်ပါတယ်။ မိမိရဲ့အခွင့်အရေးတွေကို မိမိတို့ကိုယ်တိုင်တောင် မသိရှိနားမလည်လို့ တန်ဖိုးမထားနိုင်ရင် ၎င်းအခွင့်အရေးတွေကတစ်ဆင့်  ရရှိမယ့် အကျိုးကျေးဇူးတွေကို ခံစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီလို မိမိတို့ရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေနဲ့ စပ်လျဉ်းပြီး တန်ဖိုးထားစေတဲ့ အလေ့အထ ကို မိမိတို့ လူ့အဖွဲ့အစည်းမှာ ကျင့်ဝတ်ဓလေ့တစ်ခုလို လိုက်နာ ကျင့်ကြံနိုင်ပြီး နောင်မျိုးဆက်တွေကို လက်ဆင့် ကမ်းနိုင်မယ်ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လူ့အဖွဲ့အစည်းက ရရှိခံစားနိုင်မှာဖြစ်ပါတယ်။


တတိယအချက်ကတော့ ယနေ့ခေတ်နဲ့ ပိုမိုဆက်စပ်မှုရှိတယ်လို့ဆိုနိုင်ပါတယ်။ ကမ္ဘာကြီးမှာ စစ်အေး ကာလအပြီး ဒီမိုကရက်တိုက်ဇေးရှင်း ကာလလို့ခေါ်ဆိုနိုင်တဲ့ ၁၉၈၉ ခုနှစ်နောက်ပိုင်း ကစလို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းကို ပိုမိုတွင်တွင် ကျယ်ကျယ် ပြောလာပါတယ်။ ယနေ့ခေတ်မှာတော့ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာ၊ ထိုမှတစ်ဆင့် ထိုလူမျိုးတို့ နေထိုင်ရာနယ်မြေသတ်မှတ်ထားတဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာဆိုတာ အရေးပါလာပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို တိုင်းတာတဲ့ ပေတံတွေထဲမှာ အဆိုပါနိုင်ငံဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မည်မျှတန်ဖိုး ထားလေးစားသလဲဆိုတဲ့ အချက်ဟာ လည်း အရေးပါတဲ့အချက်တစ်ချက်အဖြစ် ပါဝင်ပါတယ်။ ဒါဟာ လူသားတို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုထက် မိမိတို့ရဲ့ သမိုင်းစဉ်ဆက်လက်ခံရရှိခဲ့တဲ့ စံတန်ဖိုးတွေကို မည်မျှတန်ဖိုးထားသနည်းဆိုတဲ့ စဉ်းစားချက်အပေါ် အခြေခံပါတယ်။ ယင်း ကဲ့သို့ မိမိတို့ရဲ့ ရပိုင်ခွင့်နဲ့အတူ တာဝန်ယူမှုပါ တစ်ပါတည်း ပါရှိတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားမှု မြင့်မားလေလေ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်လေ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်း မိမိတို့ရဲ့နိုင်ငံကို ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံအဖြစ် မြင်ချင်ကြမှာ မလွဲဧကန်ပါပဲ။ လူ့အခွင့်အရေးဆိုင်ရာ စံတန်ဖိုးတွေကို လိုက်နာတာဟာ နိုင်ငံအတွက်သာမက နိုင်ငံသားတိုင်းအတွက်ပါ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာမြင့်မားစေမှာ ဖြစ်ပါတယ်။


စတုတ္ထအချက်ကတော့ လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေစိုးမိုးမှုကို ထောက်ပံ့အားပေးတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး လေးစားလိုက်နာမှုဟာ ဒီမိုကရေစီစနစ်ရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ လူ့အခွင့် အရေးကို လေးစားမှုမရှိရင် တရားဥပဒေစိုးမိုးမှုမရှိနိုင်ပါဘူး၊ တရားဥပဒေစိုးမိုးမှုမရှိရင် ဒီမိုကရေစီ စနစ်အားကောင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတိုင်းလူတိုင်း မိမိရဲ့ရပိုင်ခွင့်နဲ့ တာဝန်တွေကို လေးစားတန်ဖိုးထားမယ်ဆိုရင် ငြိမ်းချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကို ဖန်တီး နိုင်ပါလိမ့်မယ်။ ဒါဟာ လူသားတိုင်းအတွက် ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးဖြစ်ပါတယ်။ မိမိတို့ရဲ့  အခွင့်အရေးကို စဉ်းစား သကဲ့သို့ အခြားသူတွေရဲ့ အခွင့်အရေးအတွက် စဉ်းစားပေးမှုဟာ လူနဲ့တိရစ္ဆာန် ကွာခြားချက် ဖြစ်ပါ တယ်။ ဒါကြောင့် အဆိုပါကျင့်ဝတ်ကိုတန်ဖိုးထားမှုအပေါ်မူတည်ပြီး လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေ စိုးမိုးမှု၊ ငြိမ်းချမ်းမှုအပေါ် သက်ရောက်မှုရှိပါတယ်။


ပဉ္စမအချက်ကတော့ ဘာသာတရားနဲ့ သက်ဆိုင်ပါတယ်။ လူ့အဖွဲ့အစည်းတိုင်းမှာ မိမိတို့နဲ့ သက်ဆိုင် တဲ့ ကိုးကွယ်ယုံကြည်မှုတွေရှိကြ ပါတယ်။ ဟိန္ဒူဘာသာအစ နတ်ကိုးကွယ်မှု အဆုံးဖြစ်ပါတယ်။ ကိုးကွယ်မှုတွေ ကွဲပြားမှု ရှိပေမယ့် လူသားဆိုတဲ့ ဖြစ်တည်မှုကတော့ ကွဲပြားမှု မရှိပါဘူး။ ဒါကြောင့် လူ့အခွင့်အရေး စံတန်ဖိုးတွေကို လေးစားလိုက်နာခြင်းအားဖြင့် ဘာသာတရားအချင်းချင်းကြား မတူကွဲပြားမှုကို  အခြေခံတဲ့ ငြိမ်းချမ်းရေးကို လမ်းပြပေးပါတယ်။


နောက်ဆုံးအချက်ကတော့ ရှေ့မှာတင်ပြခဲ့သလိုပဲ လူ့အခွင့်အရေးစံတန်ဖိုးတွေဟာ လူ့အဖွဲ့ အစည်းရဲ့ အခြေခံအကျဆုံးသော တန်ဖိုးတွေပဲ ဖြစ်ပါတယ်။ လူသားတွေအတွက် မရှိမဖြစ် အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းမွေးရာပါဂုဏ်သိက္ခာအတိုင်း နေထိုင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ လူ့ဂုဏ်သိက္ခာဆိုတဲ့အရာဟာ လူသားတွေအတွက် အသက်ရှင်သန်စဉ် ကာလတစ်လျှောက်လုံးမှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ  ပါဝင်ပါတယ်။ လူသားတစ်ဦးအတွက် ဂုဏ်သိက္ခာမဲ့စွာ အသက်ရှင်သန် ရတာဟာ အသက်ရှင်သန်မှုရဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။  ဘာကြောင့်လဲဆိုတော့ တကယ့်လူသားတွေဟာ ဘဝကိုဂုဏ်သိက္ခာနဲ့ တည်ဆောက်ကြတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် လည်း ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် (၁) မှာ “လူသားတိုင်းဟာ လွတ်လပ်ပြီး တန်းတူညီတဲ့ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများနဲ့ မွေးဖွားလာသူများ ဖြစ်ပါတယ်” လို့ ဦးဦးဖျားဖျား ဖော်ပြထားတာ ဖြစ်ပါတယ်။ အင်မတန် အဓိပ္ပာယ်ရှိလှပါတယ်။


သမိုင်းဝင်အခွင့်အရေးများ  


ကမ္ဘာကြီးကစက္ကန့်မလပ် ပြောင်းလဲနေတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့်လည်း နယ်ပယ်အသီးသီးဟာ ရှေးယခင်နဲ့မတူ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေပါတယ်။ အခွင့်အရေး တောင်းဆိုမှုနဲ့ သက်ဆိုင်တဲ့ ယူဆချက်တွေဟာလည်း ယခင်ကာလနဲ့မတူ ပိုမိုကျယ်ပြန့်တဲ့ အမြင်တွေ ရှိလာပါတယ်။ ပညာရှင်တွေကတော့ မျိုးဆက်အနေနဲ့ သတ်မှတ်ပါတယ်။ အခွင့်အရေးဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုတွေကတော့ ၁၈ ရာစုလောက်မှာ စတင်ပေါ်ပေါက်လာပါတယ်။


၁၈ ရာစုဟာ ကမ္ဘာမှာကိုလိုနီဝါဒအားကောင်း ချိန်ဖြစ်လို့ ကမ္ဘာသူ ကမ္ဘာသားတွေအနေနဲ့ အဲဒီကာလ နိုင်ငံရေးစနစ်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ၎င်းတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆို ရတာဖြစ်ပါတယ်။ ၎င်းတို့တောင်းဆိုတဲ့ အခွင့် အရေးတွေကတော့ လူမှုဘဝအခွင့်အရေး၊ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သီးသန့်တည်ရှိခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်များ၊ လက်ထပ်ပိုင်ခွင့်၊ နိုင်ငံရေးလုံခြုံရေးအခွင့်အရေး၊ လူတိုင်းလိုချင်သည့် ကလေး အရေအတွက်ရယူခွင့်၊ တရားဝင်လုံခြုံရေးဆိုင်ရာ အခွင့်အရေး၊ ကျွန်စနစ်ပယ်ဖျက်ရေးစတာတွေပဲ ဖြစ်ပါတယ်။


ပညာရှင်တွေကတော့ အခွင့်အရေးဆိုင်ရာ တောင်းဆိုမှုတွေရဲ့ ပထမမျိုးဆက်အဖြစ်သတ်မှတ် ကြပါ တယ်။ ဒါတွေအများစုက ဥရောပတိုက်မှာ ဖြစ်ပါတယ်။ ထိုအချိန်ထိုကာလက ဥရောပ တိုက်အတွင်း သဘာဝအခွင့်အရေး Natural Rights ဆိုတဲ့ အယူအဆ ပေါ်ထွန်းနေချိန်လည်း ဖြစ်ပါတယ်။ “လူသည် လူသားဖြစ်သည်ဆိုသော သဘာဝတရားကြောင့် အခွင့်အရေးရပိုင်ခွင့် ရှိတယ်” ဆိုတဲ့ အယူအဆဖြစ်ပါ တယ်။ ယင်းသို့ အခွင့်အရေးတွေကို တောင်းဆိုလာမှုကြောင့် ရှေးယခင်နဲ့မတူ နိုင်ငံအုပ်ချုပ်သူတွေဟာ ပြည်သူပြည်သားတွေရဲ့  အခွင့်အရေးတွေအတွက် ကြေညာစာတမ်းများ ထုတ်ပြန်ခြင်း၊ ဥပဒေများ ရေးဆွဲပေးခြင်းတွေ ပြုလုပ်ပေးလာကြပါတယ်။ ယင်းကာလမတိုင်ခင်အထိတော့ အခွင့်အရေးဆိုင်ရာ တောင်းဆိုမှုတွေကို အသိအမှတ်ပြုမှုတွေ၊ လိုက်လျောမှုတွေ သိပ်များများစားစားမရှိခဲ့ပါဘူး။ ဒါကြောင့် ၁၈ ရာစုကို လူ့အခွင့်အရေးနဲ့ စပ်လျဉ်းတဲ့ ပထမမျိုးဆက်အဖြစ် သတ်မှတ်ကြတာ ဖြစ်ပါတယ်။


၁၉ ရာစုကိုတော့ ဒုတိယမျိုးဆက်အဖြစ် သတ်မှတ်ကြပါတယ်။ ၁၉ ရာစုဟာလည်းပဲ ကိုလိုနီ  ဝါဒရဲ့ အရိပ်အောက်မှာ ကမ္ဘာကြီးက ကျရောက်နေတာကြောင့် တောင်းဆိုချက်တွေက သိပ်မကွာခြား လှပါဘူး။ ဒါပေမဲ့ ၁၈ ရာစုတုန်းကထက်ပိုတဲ့ အခွင့်အရေးတွေလည်း ပါဝင်လာပါ တယ်။ ၁၉ ရာစုဟာ စက်မှုထွန်းကားတဲ့ကာလဖြစ်လို့ အများအားဖြင့်  အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့အခွင့်အရေးတွေကို တောင်းဆိုကြပါတယ်။ ဒါတွေကတော့ လူမှုဖူလုံရေး ခံစားခွင့်၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ခွင့်၊ မျှတပြီး ကျေနပ်ဖွယ်ကောင်းသော အခြေအနေများတွင် အလုပ်လုပ်ခွင့်၊ မျှတသော လစာ ခံစားခွင့်၊ နေအိမ်ပိုင်ခွင့်၊ ပညာရေးဆိုင်ရာ အခွင့်အရေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခွင့်အရေး စတာတွေ ဖြစ်ပါတယ်။


တတိယမျိုးဆက်ကတော့ ၂၀ ရာစုမှာ စတင်ပါတယ်။ သို့ပေမယ့် ပညာရှင်တွေကတော့ ၂၀ ရာစုရဲ့ အခွင့်အရေးတောင်းဆိုမှုတွေဟာ ၂၁ ရာစုအထိပါ သက်ဆိုင်နေတယ်လို့ ဆိုကြပါတယ်။ စည်းလုံး ညီညွတ်မှုဆိုင်ရာ အခွင့်အရေးတွေလို့လည်း ခေါ်ဆို ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ဒေသ အသီးသီးရှိ လူအများကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့နဲ့ တစ်ဦးချင်းကြား အပြုသဘောဆောင် သော ငြိမ်းချမ်းသော ဆက်ဆံရေးကို တိုးမြှင့်နိုင်ဖို့ ဖြစ်ပါတယ်။ တောင်းဆိုချက်တွေကတော့ ငြိမ်းချမ်းရေး၊ သန့်ရှင်းသောပတ်ဝန်းကျင် ရရှိပိုင်ခွင့်၊ နည်းပညာတိုးတက်မှုကို အသုံးပြုရန် အခွင့် အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး၊ အမျိုးသားယဉ်ကျေးမှုဆိုင်ရာ ဝိသေသလက္ခဏာများ အခွင့်၊ အရေး၊ နိုင်ငံရေးနှင့် စီးပွားရေးလွတ်လပ်မှု အခွင့်အရေးတို့ပဲ ဖြစ်ပါတယ်။


လူ့အခွင့်အရေးဆိုင်ရာ တောင်းဆိုချက်တွေက ခေတ်အဆက်ဆက် ပြောင်းလဲလာခဲ့တာနဲ့အတူ စိန်ခေါ်ချက်တွေကလည်း ပိုပြီးတိုးလာပါတယ်။


နိဂုံးချုပ်ဆိုရသော် လူသားတွေရှိနေသမျှ လူ့အခွင့်အရေးတွေဟာခွဲခြားမရ တစ်ပါတည်း တည်တံ့နေမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကို တန်ဖိုးထားထိန်းသိမ်းတာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်း မည်ပါတယ်။ လူ့အခွင့်အရေး  ဆိုင်ရာ ဓလေ့ထုံးတမ်း ထွန်းကားစေဖို့မှာ ကမ္ဘာသူကမ္ဘာသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် မငြိမ်းချမ်းသေးတဲ့ ဒေသတွေမှာ လူ့အခွင့်အရေးအယူအဆတွေကို သိရှိ နားလည်  ကျင့်ကြံကာ ငြိမ်းချမ်းရေးအစဉ်တည်တံ့နိုင်ဖို့ ထိန်းသိမ်းနိုင်ပါစေကြောင်း မျှော်လင့်လျက် သမိုင်းဝင်အခွင့်အရေးနှင့် အကျိုးကျေးဇူးများအကြောင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြိုဆိုလျက် ရေးသားလိုက် ရပါတယ်။ ။


တင်ကိုကို

(ကူးယူဖော်ပြပါသည်။)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)