Pages

Pages

ဗြဟ္မစိုရ်တရား လက်ကိုင်ထား (အယ်ဒီတာ့အာဘော်)



ခေတ်ကာလအားလျော်စွာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဇောင်းပေးပြောဆိုလာကြသည်။ ဒီမိုကရေစီဟူသည် နိုင်ငံရေးစနစ်တစ်ခုဖြစ်၍ ဒီမိုကရေစီ၏ သဘောသဘာဝ၊ စည်းကမ်း၊ နည်းလမ်းများကို လိုက်နာကြသည့် နိုင်ငံများတွင် ငြိမ်းချမ်း၏။ သာယာ၏။ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် နိုင်ငံရေးအတိုက်အခံ ၂ပါတီသို့မဟုတ် ပါတီစုံစနစ်ဖြင့် တိုင်းနိုင်ငံပြည်ရွာအကျိုးက ငါက သူ့ထက်ပိုစွမ်းနိုင်သည်ဟု အပြိုင် မဲဆွယ်ကြကာ သတ်မှတ်နှစ်ကာလအတိုင်း တိုင်းပြည်ကို အုပ်ချုပ်ခွင့် ရယူကြသည်။

ဒီမိုကရေစီစနစ်၏ အခြေခံသဘောတရားမှာ ပြည်သူတို့က တိုင်းနိုင်ငံပြည်ရွာကို ပိုမိုကောင်းကျိုးပြုနိုင်မည်ဟု ထင်ရသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ရွေးချယ်ခြင်းအားဖြင့် တိုင်းနိုင်ငံပြည်ရွာကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စေခြင်းငှာ ရွေးချယ်တင်မြှောက်ပေးခြင်းဖြစ်သည်။

တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားရန် ရွေးချယ်တင်မြှောက်ကြခြင်းမဟုတ်၊ တိုင်းတပါးသားတို့၏ သြဇာခံအဖြစ်နှင့် တိုင်းပြည်၏ အမျိုသားလုံးခြုံရေးဥပဒေများ၊ ယာဉ်ကျေးမှုအစဉ်အလာများကို ဖျက်ဆီးရန် ရွေးချယ်တင်မြှောက်ပေးခဲ့ကြခြင်း မဟုတ်ချေ။

ဆိုရပါမူ ၂၀၁၀ မှ စတင်၍ ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့သော မြန်မာနိုင်ငံတွင် ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို အလွဲသုံးစားလုပ်၍ ပြည်ပသြဇာခံအစိုးရတစ်ရပ် ပေါ်ထွက်ခဲ့သည်ကိုလည်း ပြန်လည်ဆင်ခြင်ကြရမည်။ ကိုယ့်တိုင်းရင်းသား ပြည်သူအကျိုးထက် တိုင်းတပါးသား ခိုးဝင်ကျူးကျော်သူများကို အရေးအရာပေးလိုသော သြဇာခံအစိုးရတစ်ရပ် ပေါ်ထွက်ခဲ့ခြင်းကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့ရသည်။

ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် မဲဆန္ဒရှင် ပြည်သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံရန် လိုအပ်သည်ဟု ဒီမိုကရေစီပညာပေး စာအုပ်တွင် ရေးသးလမ်းညွှန်ခဲ့သည်။ ပြည်သူတို့က အစိုးရကောင်းကို ရွေးချယ်တတ်ပါမှ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးဖြစ်ထွန်းမည်။ ပုဂ္ဂိုလ်စွဲ ပါတီစွဲကို ရှေ့တန်းတင်၍ အများကြိုက်စကားလုံးများသုံးကာ တိုင်းရင်းသား ပြည်သူအများကို သွေးဆောင်စည်းရုံးပြီး တိုင်းတပါးသြဇာခံ၊ တိုင်းတပါးသားအကျိုးကို ရှေးရှုဆောင်ရွက်သော ပုဂ္ဂိုလ်အဖွဲ့အစည်းမျိုးကို ရွေးချယ်တင်မြှောက်ခြင်းကြောင့် တိုင်းရင်းသားပြည်သူတို့ မည်မျှ အတိဒုက္ခရောက်ခဲ့ရသနည်း ပြန်လည်ဆင်ခြင်သုံးသပ်ရန် လိုသည်။

တိုင်းတပါးသြဇာခံ အစိုးရလက်ထက်တွင် ယဉ်ကျေးမှုအစဉ်အလာများ ဖျက်ဆီးခံရသည်။ ဘာသာ သာသနာကို ပစ်မှတ်ထားစော်ကားခံရသည်။ ဥပဒေစိုးမိုးရေးကို ရှေးရှု၍ ဥပဒေချိုးဖောက်သူကို ချိုးဖောက်သည့်အလျှောက် အပြစ်ပေးအရေး ယူခြင်း မရှိသည့်အပြင် ရည်ရွယ်ချက်ရှိရှိ ဘာသာရေးစော်ကားသူများကိုပင် အကာအကွယ်ပေးခဲ့ခြင်းသည် အရုပ်ဆိုးအကျဉ်းတန်လှသော လုပ်ရပ်များဖြစ်သည်။ အာဏာကို အလွဲသုံးစားပြု၍ တိုင်းတပါးသားများအလိုကျ ဘာသာ သာသနာကို ဖိနှိပ်စော်ကားသည့် လုပ်ရပ်များကို မျက်နှာပြောင်တိုက် လုပ်ဝံ့သည်အထိ တိုင်းတပါးသားတို့၏ သြဇာလွှမ်းမိုးခြင်းကို ခံခဲ့ရသည်။

အာဏာရှိစဉ်က တိုင်းရင်းသား ပြည်သူအကျိုးထက် တိုင်းတပါးသားတို့၏ အလိုကျ ဆောင်ရွက်ခဲ့သော ပါတီအဖွဲ့အစည်းသည် ယခုအခါ CRPH, NUG, PDF အစရှိသော အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံကို ဖွဲ့စည်းကာ အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက် အကြမ်းဖက်လုပ်ရပ်မျိုးစုံကို တိုင်းတပါးသားများ ပေးကမ်းထောက်ပံ့သော လက်နက်၊ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့၏ ကိုးကွယ်ရာ သံဃာတော်များကိုပင် ဒလန်ဟု စွပ်စွဲကာ တိုင်းတပါးသား၊ ဘာသာခြားတို့ ခိုင်းစေသည့်အတိုင်း တဇွတ်ထိုး၊ တဇောက်ကန်း လုပ်ကိုင်လာသည်အထိ ရိုင်းစိုင်းယုတ်မာလာသည်ကို တွေ့မြင်ရသည်။

NLD, ၈၈ နိုင်ငံရေးလှုံ့ဆော်သူများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ လှုံ့ဆော်မှုများကြောင့် NLD ထောက်ခံသူအများစုမှာ မိမိတို့၏ ကိုးကွယ်ရာ သံဃာ၊ လေးစားအားထားရာ ဆရာ/ဆရာမများကိုပင် မချန် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လာခြင်းသည် မြန်မာ့သမိုင်းတွင် အရုပ်ဆိုး အကျည်းတန်စွာ မြင်တွေ့နေရသော ဖြစ်ရပ်များဖြစ်သည်။

NLDပါတီနှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းမှ နိုင်ငံရေးလှုံ့ဆော်သူများသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအလို့ငှာ လှုံ့ဆော်နေကြခြင်းဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်မှာမူ ၎င်းတို့ကို ထောက်ပံ့ပေးကမ်းနေသော အကြမ်းဖက်အားပေးတိုင်းပြည်များတွင် ငြိမ်းချမ်းစွာ ခိုလှုံ့နေကြပြီး မြန်မာပြည်အတွင်းရှိ ရဟန်းရှင်လူပြည်သူများကို သွေးခွဲ၊ ရန်တိုက် အဆိုးဆုံးအနေဖြင့် လက်နက်၊ ငွေကြေး ထောက်ပံ့ပေးပြီး သတ်ဖြတ်ခိုင်းနေခြင်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်နေရုံမျှမက လူ့အခွင့်အရေးကို အဆိုးရွားဆုံး ချိုးဖောက်နေသူများပင် ဖြစ်တော့သည်။


ဒီမိုကရေစီသည် နိုင်ငံရေးစနစ်တစ်ခုဖြစ်၍ ဒီမိုကရေစီအရ လွတ်လပ်စွာ ယုံကြည်အားပေးခွင့်ကို NLD, ၈၈ ပွင့်လင်းမှ နိုင်ငံရေးလှုံ့ဆော်သူများက ချိုးဖောက်နေခြင်းဖြစ်သည်။ လူ့အခွင့်အရေးဟူသည် ကမ္ဘာပေါ်ရှိလူသားအားလုံး လိုက်နာနိုင်ရန် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် အလေးထားတတ်စေရန် လူသားအားလုံးလိုက်နာရမည့် ပြဋ္ဌာန်းချက်များ ဖြစ်သည်။ လူ့အခွင့်အရေးအရေခြုံ NLD, ၈၈ မှ ပုဂ္ဂိုလ်များသည် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်၍ လုပ်ကြံသတ်ဖြတ်ခိုင်းနေသော အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၁၄၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး ရဟန်းရှင်လူပြည်သူ ၂၅၀၀၀ ဝန်းကျင် ထိခိုက်အနာတရဖြစ်ခဲ့ရသည်ကို သတိပြုဆင်ခြင်ဖို့ လိုသည်။

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး သတိပြုသင့်သည်မှာ ယနေ့အချိန်တွင် NLD, ၈၈ အစွန်းရောက် နိုင်ငံရေးသမားများကို ထောက်ခံအားပေးခြင်း အလျဉ်းမရှိသော ရခိုင်ပြည်တွင် အေးချမ်းလျက်ရှိသည်ကို သတိပြုသင့်သည်။

နိုင်ငံရေးအစွန်းရောက်များ၏ သွေးထိုးလှုံ့ဆော်မှု၊ တိုင်းတပါးသားများ၊ ဘာသာခြားများ၏ လက်နက်နှင့် ငွေကြေး ထောက်ပံ့ပေးနေမှုများအပေါ် သာယာမိန်းမောပြီး ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်နေသော လုပ်ရပ်များကို အဆုံးသတ်ကြရန် တိုက်တွန်းသည်။ မိမိတို့ ယဉ်ကျေးမှုအစဉ်အလာအရ ဗြဟ္မစိုရ်တရား(၄)ပါးကို လက်ကိုင်ထား၍ ငြိမ်းချမ်းစွာ နေထိုင်ကြရမည်။ 


မေတ္တာဘာဝနာ - သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ခန္ဓာ့ဝန်ကို ကျန်းမာချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း၊ ကရုဏာဘာဝနာ - ဆင်းရဲသော သတ္တဝါတစ်ဦးကိုဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း၊ မုဒိတာဘာဝနာ - ချမ်းသာသောသူ တစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ မိမိတို့ တရားသဖြင့် ရရှိထားသော ပစ္စည်းဥစ္စာများ မဆုတ်ယုတ်ကြပါစေနှင့်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း၊ ဥပေက္ခာဘာဝနာ - သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြု၍ သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်းဖြင့် ဖြင့် ဗြဟ္မစိုရ်တရားနှင့်အညီ တည်ငြိမ်အေးချမ်းသော နိုင်ငံတော်အဖြစ် ပြည်သူအများက ဝိုင်းဝန်းတည်ဆောက်ကြမှသာ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ဝင့်ထည်နိုင်မည်ဖြစ်သည်။

တရားမသိသော အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာများက ငွေကြေး၊ လက်နက်ဖြင့် ခေတ်သစ်ကိုလိုနီနယ်ချဲ့စနစ်ကို အကောင်အထည်ဖော်လျှက် ရှိသည်ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်၍ အကြမ်းဖက်လှုံ့ဆော်သူ နိုင်ငံရေးသမား၊ သတင်းဌာနများ၏ ကြိုးစွဲရာ မကကြဘဲ ကိုယ်ပိုင်ရပ်တည်ချက်ဖြင့် မိမိတို့တိုင်းရင်းသား ပြည်သူအချင်းချင်း ရန်ပြုစော်ကားနေခြင်းများကို ရပ်တန့်ကြရန် အသိပေးတိုက်တွန်းလိုက်ရပါသည်။


‌https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment