နေပြည်တော်၊ ဒီဇင်ဘာ ၁၄
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH, NUG နှင့် PDF အမည်ခံအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ အပေါ် ပြင်းထန်စွာပြစ်တင်ရှုံ့ချကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) က သတင်းထုတ်ပြန်ထားရာ တစ်ပါတီကောင်းစားရေးအတွက် အကြမ်းဖက်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်လျက် ရှိသော အကြမ်းဖက် သမားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချကြောင်း၊ ၎င်းအပြင် အခြားသော ဘာသာရေးဆိုင်ရာ ရဟန်းသံဃာများနှင့် နေရာများကို ပစ်မှတ်ထားအကြမ်းဖက် တိုက်ခိုက်ခြင်း အပါအဝင် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ လုပ် ဆောင်နေခြင်းကို မဖြစ်မနေရပ်တန့်သွားရန် အသိပေးကြောင်း ပြောဆိုထားသည်။
နစက၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH, NUG အမည်ခံအဖွဲ့များနှင့် ၎င်းတို့၏ လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို အခြေခံသည့် နိုင်ငံရေးရည်မှန်းချက်ကို ရရှိစေရန်အတွက် နိုင်ငံတော် တည်ငြိမ်းအေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် အကြမ်းဖက် လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အကြမ်းဖက်သမား များသည် စစ်ရေးဆိုင်ရာ ပစ်မှတ်များကို ရင်ဆိုင်တိုက်ခိုက်မှုအစား အပြစ်မဲ့ ပြည်သူလူထုအား ဒလန်အဖြစ်စွပ်စွဲ သတ်ဖြတ်ခြင်း၊ တာဝန်သိ နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပညာရေးနှင့် ကျန်းမာရေး အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း စသည့် လူသားချင်းစာနာ ထောက်ထားမှုမရှိသည့် လုပ်ရပ်များကို ကျူးလွန် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် တိုင်ပြည်၏ အဓိကအကျဆုံးသော ကဏ္ဍများအဖြစ် သတ်မှတ်ထားပြီး အလေးထား ဆောင်ရွက်လျက်ရှိမှုကို ထိခိုက် ပျက်ပြားစေရန် ယခုကဲ့သို့ အကြမ်းဖက်မှု လုပ်ရပ်များ လုပ်ဆောင်နေခြင်းသည် နိုင်ငံတကာ စံနှုန်းနှင့် ကျင့်ဝတ်များအရ လက်ခံနိုင်ဖွယ် မရှိကြောင်း ပြောဆိုထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ၏အရေးကြီးသော အခန်းကဏ္ဍများဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို အထူးအလေးပေး ဆောင်ရွက်နေသည့် ကာလအတွင်း အကြမ်းဖက်အဖွဲ့များ ဖြစ်သည့် CRPH, NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် လက်နက်ကိုင် ဆောင်ထားခြင်းမရှိသော ပညာရေးနှင့်ကျန်းမာရေး ဝန်ထမ်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်နေ ကျန်းမာရေးဝန်ထမ်း ဖြစ်သည့် သူနာပြု ဆရာမ ဒေါ်ချမ်းမြငြိမ်း နှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့အား PDF အမည်ခံအကြမ်း ဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့သည့်အတွက် တာဝန်သိကျန်းမာရေး ဝန်ထမ်း ၁ ဦးဖြစ်သည့် ဒေါ်ချမ်းမြငြိမ်းမှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရကြောင်း၊ အကြမ်းဖက်သမားများ၏ မိုင်းထောင်ခြင်း၊ ဗုံးခွဲဖျက်ဆီးခြင်းတို့ကြောင့် စာသင်ကျောင်း ၄၇၃ ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ ပညာရေးဝန်ထမ်း ၁၄ ဦးသေဆုံး၍ ၂၃ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဆေးရုံ၊ ဆေးခန်း ၂၅ ခု ဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ကာ ကျန်းမာရေးဝန်ထမ်း ၄ ဦး သေဆုံး၍ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုကဲ့သို့ ပြည်သူလူထု၏ ပညာရေးနှင့် ကျန်းမာရေးတာဝန်များအား လစ်ဟင်းမှုမရှိစေရေး နိုင်ငံ၏ တာဝန်များကို တာဝန်သိစွာဖြင့် ကျေပွန်စွာထမ်း ဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို မိမိထောက်ခံသည့် တစ်ပါတီကောင်းစားရေးအတွက် အကြမ်းဖက်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်လျက် ရှိသော အကြမ်းဖက် သမားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချပါကြောင်း ၎င်းအပြင် အခြားသော ဘာသာရေးဆိုင်ရာ ရဟန်းသံဃာများနှင့် နေရာများကို ပစ်မှတ်ထားအကြမ်းဖက် တိုက်ခိုက်ခြင်း အပါအဝင် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ လုပ် ဆောင်နေခြင်းကို မဖြစ်မနေရပ်တန့်သွားရန် အသိပေးပါကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပါက ပြည်သူလူထုပြည့်ဝစွာ ပူးပေါင်းပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment