MNP ၊ ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့စည်းအဆင့်ဆင့် ၂၅ ရာခိုင်နှုန်းအနားယူ အစားထိုးရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက ရသေ့တောင်မြို့ စေတီယင်္ဂဏကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ရှေးဉီးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး သဘာပတိ ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ သောမထံမှ သြဝါဒခံယူကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးနိုင်လင်းထက်က သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် လစ်လပ်လျက်ရှိသည့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အကျိုးဆောင်၊ ဒုအကျိုးဆောင်နှင့် အဖွဲ့ဝင်များအား အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များက အဆိုတင်သွင်းခဲ့ပြီး ထောက်ခံအတည်ပြုချက်ရယူကာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဖြစ် မူလတောရကျောင်းတိုက်ဆရာတော် ဉီးအဂ္ဂဓဇ၊ ဒုဥက္ကဌအဖြစ် ကူတောင်တောင်ကျောင်း ဆရာတော် ဉီးတေဇဝန္တ ၊ အကျိုးဆောင်၊ ဒု-အကျိုးဆောင်နှင့် အဖွဲ့ဝင်(၇)ပါးတို့အား သံဃအဖွဲ့အစည်း လုပ်ထုံး လုပ်နည်းများနှင်အညီ အစားထိုးရွေးချယ်တာဝန်ပေးအပ်ခဲ့ကြပြီး သဘာပတိ ဆရာတော်နှင့် သံဃာတော်များက သာဓုသုံးကြိမ်ခေါ်ဆို အတည်ပြုပေးကြကာ ဗုဒ္ဓသာသနံစိရံတိဌာတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ မြို့နယ်သံဃာ့ဝန်ဆောင်အဆင့်ဆင့် ၂၅ ရာခိုင်နှုန်းအနားယူ အစားထိုးရွေးချယ်ပွဲအခမ်းအနားသို့ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သံဃနာယကအဖွဲ့နှင့် သံဃာ့ဝန်ဆောင် ဆရာတော်များ၊ မြို့နယ်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်စံထွန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment