Pages

Pages

မြိတ်မြို့ သံဃာ့ဆေးရုံတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)မှ Fever Clinic ဖျားနာအခမဲ့ ဆေးကုသခန်း ပြန်လည်ဖွင့်လှစ်





MNP - ဖေဖော်ဝါရီ    ၁၉

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့တွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)မှ အထက်ရေပုန်းရပ် စပါး ရွှေဝါလမ်းမကြီးရှိ သံဃာ့ဆေးရုံ၌  Fever Clinic  ဖျားနာ အခမဲ့ ဆေးကုသခန်းအား ယမန်နေ့တွင်  ပြန်လည်ဖွင့်လှစ်ပြီး နေမကောင်း ဖျားနာ လူနာများအား အခမဲ့ ဆေးကုသပေး လျက်ရှိသည်။

“ပြည်သူလူထုထဲမှာ နေမကောင်းတဲ့သူ ပိုများလာတဲ့ လက္ခဏာရှိတယ်။ မြန်မာနိုင်ငံမှာ အိုမီခရွန် ကူးစက်မှုများလာတဲ့အတွက် တတိယလှိုင်းတုန်းကလို ဖျားနာတဲ့သူတွေ ဆေးခန်း သွားရ အခက်အခဲရှိမှာစိုးတဲ့အတွက် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)ကနေပြီး မော်တောင် ဆရာတော်ဘုရားဆီမှာ ခွင့်ပြုချက်နဲ့ ဩဝါဒ ခံယူပြီး Fever Clinic  ကို ပြန်လည်ဖွင့်လှစ်ရ ခြင်းဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)မှ ဒေါက်တာတင်စိုးမိုးက ပြောသည်။

Fever Clinic ဖျားနာအခမဲ့ ဆေးကုသခန်းအား ဖျားနာပြီး ငွေကြေးအခက်အခဲရှိ၍ အိမ်မှာနေ ကာ ဘာ လုပ်ရမှန်းမသိတဲ့သူများကို အခမဲ့ ဆေးဝါးကုသ ပေးရန် ရည်ရွယ်ချက်ဖြင့် သံဃာ့ ဆေးရုံ၌ ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်ပြီး ဆရာဝန်နှင့် သူနာပြုအင်အား  အခြေအနေပေါ်မူတည် ၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် နံနက်(၁၀)နာရီမှ(၁၁)နာရီခွဲအထိ ဖျားနာသူများကို လိုအပ်သည့် ဆေးကုသမှုများနှင့် ညွှန်ကြားမှုများ ဆောင်ရွက်ပေးလျက်သွားမည် ဖြစ်‌ကြောင်း သိရသည်။

ထို့အတူ အသိပညာပေးခြင်းအနေဖြင့် အိုမီခရွန်နှင့်ပတ်သက်သည့် မေးမြန်းမှုများကို ဖုန်းနဲ့ ပြန်လည် ဖြေကြားပေးလျက်ရှိပြီး Fever Clinic ဖျားနာအခမဲ့ ဆေးကုသခန်းကို မြန်မာနိုင်ငံ ဆရာဝန်အသင်း(မြိတ်) နှင့်အတူ မြိတ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပါရမီ၊ လောဟိတဒါန၊ ဂရုဏာ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကုသပေးသွားမည်ဖြစ်ကြောင်း၊ မြိတ်မြို့နယ်တွင် ဖေဖော်ဝါရီ(၁၈)ရက်‌နေ့ အထိရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၂၃၄) ဦးရှိခဲ့ပြီး ၎င်းပိုးတွေ့ရှိများအား ပြည်သူ့ဆေးရုံနှင့် သက်ဆိုင်ရာ နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

သတင်း - ခိုင်ထူး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment