MNP ၊ ဖေဖော်ဝါရီ ၁၉
စစ်တွေမြို့နယ်အတွင်း အိုမီခရွန်(Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ ကူးစက်ပြန့် ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မြို့မဈေးအဝင်အထွက်နေရာများ၊ လမ်းဆုံများနှင့်လူစည်ကားနေရာများ၌ပြုလုပ်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း ဦးဆောင်ပြီး ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်နှင့်ဝန်ထမ်းများ၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးနှင့်ဝန်ထမ်းများက ဈေးရောင်း၊ ဈေးဝယ်များ၊ ခရီးသွားပြည်သူများ၊ အငှားယာဉ်မောင်းများနှင့် ဈေးတွင်းအလုပ်သမားများအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကူးစက်မှုများအား အသိပညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ စစ်တွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် အပြင်သို့ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ တပ်ဆင်ကြရန် လှည့်လည်အသိပေးနိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
သတင်း - တင်ထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment