Pages

Pages

မန္တလေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ချီးမြှင့် အပ်နှင်းပွဲအခမ်းအနား ကျင်းပ





MNP - မတ်    ၁၇

မန္တလေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို အောင်မြေသာစံမြိုန့ယ်ရှိ မဟာအတုလ ဝေယံ(အတုမရှိ)ကျောင်းတော်ကြီးတွင် မတ်လ ၁၆ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ် ဘုရားကန်တော့ဖွင့်လှစ်ပြီးနောက် မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်ကျောင်းတိုက်၊ ပါဠိနယူ ပဒေသကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တာဘိဝံသထံမှ ငါးပါးသီလခံယူကာ ပရိတ်တရားတော်များ နာယူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးတို့က ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်များနှင့် လှူဖွယ် ပစ္စည်းများဆက်ကပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော် ရ ဆရာတော် (၂) ပါး ကိုလည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးက မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၂) ပါးကိုလည်းကောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အခြားသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် သံဃာတော် များကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက သီဟသုဓမ္မသိင်္ဂီ၊ သုဓမ္မသိင်္ဂီ၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် (၄) ပါးတို့ကိုလည်းကောင်း အသီးသီး ဆက်ကပ်ကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးတို့က  သာသနာတော် ဆိုင်ရာဘွဲ့ တံဆိပ်ရရှိသည့် လူပုဂ္ဂိုလ် (၇) ဦးတို့အား ချီးမြှင့်အပ်နှင်းခဲ့ပြီးနောက် အနုမောဒနာ တရားနာ ကြား၍ ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့်ဇနီး အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဒေါ်ရွှေဥ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊  ဖိတ်ကြားထားသူများ တက်ရောက် ဆက်ကပ်ပူဇော်ကြသည်။

ယင်းသာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းပွဲတွင် မဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့ရ ဆရာတော် (၄) ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့ရ ဆရာတော် (၂) ပါးနှင့် သီလရှင် (၃) ပါး၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့ရဆရာတော် (၂) ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ရ ဆရာတော် (၃) ပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့ရ ဆရာတော် (၃) ပါး၊ မဟာကမ္မဋ္ဌာနစရိယဘွဲ့ရ ဆရာတော် (၁) ပါး၊ ကမ္မဋ္ဌာနစရိယဘွဲ့ရ ဆရာတော် (၁) ပါး၊ ချင်းပြည်နယ်တွင် သာသနာပြုလုပ်ငန်း ဆောင်ရွက်နေသော သဒ္ဓမ္မဇောတိကဓဇဘွဲ့ရ ဆရာတော် (၂) ပါးနှင့် ဂန္ထဝါစကပဏ္ဍိတဘွဲ့ရ သီလရှင် (၁) ပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့ရ အမျိုးသား (၁) ဦး၊ သီဟသု ဓမ္မမဏိဇောတဓရဘွဲ့ရ အမျိုးသား (၃) ဦး၊ သီဟသုဓမ္မသိင်္ဂီဘွဲ့ရ အမျိုးသမီး (၁) ဦး၊ သုဓမ္မမဏိဇောတဓရဘွဲ့ရ အမျိုးသား (၁) ဦး၊ သုဓမ္မသိင်္ဂီဘွဲ့ရအမျိုးသမီး (၁) ဦးတို့အား ချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရသည်။

သတင်း - ထိပ်ထားနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment