Pages

Pages

အင်းတော်မြို့၌ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 


MNP - မတ်    ၁

၂၀၂၂ ခုနှစ်၊ မတ် လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပြပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အင်းတော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က             ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခမ်း အနား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဒေသခံတောင်သူလယ်သမားများအနေဖြင့် မိမိတို့ လယ်မြေ၊ ယာမြေများ တွင် စိုက်ပျိုးထားရှိသော သီးနှံများ အောင်မြင်ဖြစ်ထွန်းနိုင်ရေး အတွက်လည်းကောင်း၊ မိမိတို့၏ လယ်မြေ၊ ယာမြေများတွင် သဘာဝဓာတ်မြေဩဇာများကို သုံးစွဲတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာရန်အတွက် လည်းကောင်း၊ သဘာဝဓာတ်မြေဩဇာများအား ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေးအတွက် လည်းကောင်း၊ သဘာဝ ဓာတ်မြေဩဇာ ပြုလုပ်နည်းများအား လက်ဆင့်ကမ်းမျှဝေပေးနိုင်ရေးအတွက် လည်းကောင်း ရည်ရွယ်၍ ယခု ကဲ့သို့ အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က အခမ်း အနား ကျင်းပရခြင်း၊ ပြပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒုတိယဦးစီးမှူး ဦးသာဆန်းက EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်နည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများအား အရည်အသွေးမြင့် သဘာဝအော်ဂဲနစ် ကြက်ချေးမြေဩဇာနှင့် ဂျစ်ပဆန်သဘာဝကျောက်မှုန့်မြေဩဇာ ထောက်ပံ့ပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကျော်သီဟ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment