Pages

Pages

ကျိုက်လတ်၌ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော် ဘဒ္ဒန္တ ဇဝနဝံသမဟာထေရ်၏ သက်တော်(၈၁)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်ပြု ပူဇော်ပွဲကျင်းပ



MNP - မတ်   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ ဇဝနဝံသမဟာထေရ်၏ သက်တော်(၈၁)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ဂုဏ်ပြု ပူဇော်ပွဲကို အမှတ်(၄)ရပ်ကွက်ရှိ ဇဝနဗုဒ္ဓအကယ်ဒမီကျောင်းဝန်းအတွင်းရှိ ပညာဝေပုလ္လ ပိဋကတ်စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး မန္တလေးဗုဒ္ဓတက္ကသိုလ်၏ မော်ကွန်းထိန်းဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကွမ်းခြံကုန်း ဇေယျာသီရိ ဆရာတော်၊ ဇဝနဗုဒ္ဓအကယ်ဒမီ၏ အနုနာယက ဆရာတော် ဦးကုသလနှင့် ရန်ကုန်ရွှေပြည်သာ ဗုဒ္ဓတက္ကသိုလ်ကထိက ဆရာတော် ဦးသုဝဏ္ဏတို့မှ ဆရာတော်ကြီးအား ဂုဏ်ပြုစကား လျှောက်ထားခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်ကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ရတုတေးထပ်များဖြင့် ဝတ်ရွတ်အဖွဲ့များက ရွတ်ဆိုပူဇော်ခဲ့ကြသည်။ ဆရာတော်ကြီးအား ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ သံပြိုင်ညီညာစွာ ဆုတောင်းစကားလျှောက်ထားကြပြီး ပစ္စည်းလေးပါးဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။ ထို့နောက် ဇဝနဗုဒ္ဓအကယ်ဒမီ၏ ဘွဲ့နှင်းသဘင် ခန်းမကြီးအတွက် မတည်အလှူငွေများကို အလှူရှင်များက ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းကြပြီး မန္တလေးဗုဒ္ဓတက္ကသိုလ် ကထိကဆရာတော် ဦးတိလောကထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ပြီးမြောက်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ တိပိဋက ဒီဃဘာဏက၊ သာသနဓဇ ဓမ္မာစရိယ၊ ဒက္ခိဏာရုံ (မဟာဒွါရ) စာသင်တိုက်နှင့် ဇဝနဗုဒ္ဓ အကယ်ဒမီတို့၏ ဦးစီးပဓာန နာယက အဓိပတိ ဖြစ်တော်မူသော ဘဒ္ဒန္တ ဇဝနဝံသမဟာထေရ်၏ သက်တော်(၈၁)နှစ်ပြည့် မွေးနေ့ပူဇာအဖြစ် ယမန်နေ့နံနက် (၇)နာရီခန့်က ဇဝနဗုဒ္ဓ အကယ်ဒမီကျောင်းဝန်းအတွင်း ကျိုက်လတ်မြို့ပေါ်ရှိ သံဃာတော် အရှင်မြတ်များနှင့် သာသနာ့နွယ်ဝင် သီလရှင် စုစုပေါင်းအပါး (၅၀၀)ခန့်ကိုလည်း စုပေါင်း၍ နေ့ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

သတင်း - ရီရီမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment