Pages

Pages

ဆီဆိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသက်သာစွာ ဖြေဆိုနိုင်ရေး စာစစ်ဌာနများအား ကွင်းဆင်းစစ်ဆေး



MNP - မတ်   ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၈ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသက်သာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များသည် မြို့နယ်အတွင်းရှိ စာစစ်ဌာန များအား ယမန်နေ့နံနက်ပိုင်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာသတ်မှတ်ချက် (SOP)များနှင့် အညီ ပြင်ဆင်ထားမှု ရှိ/မရှိ၊ လူပုဂ္ဂိုလ်လုံခြုံရေးနှင့်မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ဆောင်ရွက် ထားရှိမှု ရှိ/မရှိ၊ စာဖြေကျောင်းသား၊ ကျောင်းသူများ အေးချမ်းသက်သာစွာဖြေဆိုနိုင်ရေးနှင့် စာဖြေခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အထက(ဆီဆိုင်)၊ အထက(ဘန်းယဉ်)၊ အထက(ဆိုက်ခေါင်)၊ အထက(ထမ့်ယမ်း) စသည့်စာစစ်ဌာန လေးခုရှိပြီး  အထက(ဆီဆိုင်) စာစစ် ဌာနတွင်(၂၇၆)ဦး၊ အထက(ဘန်းယဉ်)စာစစ်ဌာနတွင်(၂၇၆)ဦး၊  အထက (ဆိုက်ခေါင်) စာစစ်ဌာန တွင်(၁၈၄)ဦး၊ အထက(ထမ့်ယမ်း)စာစစ်ဌာနတွင်(၈၀)ဦး၊ စုစုပေါင်း(၈၁၆)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - မျိုးမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment