MNP - မတ် ၁၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးသည် ယနေ့ နံနက် ၁၀ နာရီက မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)နှင့် မကွေးတိုင်း ဒေသကြီး မကွေးမြို့ရှိ My River View ဟိုတယ်တွင် တွေ့ဆုံရာ တွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(မကွေးဇုန်)မှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီးဌာနအောက်ရှိ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး တိုးတက်မှု နှောင့်နှေးခဲ့သော်လည်း ယခုကဲ့သို့ တွေ့ဆုံမှုများ ဆောင်ရွက်နိုင်တာကလည်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)ရဲ့ ကြိုးပမ်းမှုတစ်ခုဖြစ်ပါကြောင်း၊ စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးစေရန် Supply နဲ့ Demand မျှခြေ ရှိဖို့လိုအပ်ကြောင်း၊ ဟိုတယ်များ ဖွံ့ဖြိုးတိုးတက်လာသော်လည်း ဧည့်သည် ဝင်ရောက်မှုမရှိပါက နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှု စရိတ်များကြောင့် ဆုံးရှုံးမှု တွေ့ကြုံရနိုင်သည့်အတွက် မိမိတို့ရဲ့ ဈေးကွက်ကို သိရှိနားလည်အောင် ဖော်ထုတ် ဆောင်ရွက်ပြီး ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ Marketing Strategy များ ရေးဆွဲဖော်ထုတ်ကြရန် လိုအပ်ပါကြောင်း၊ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပြီး Private ၊ Public ၊ People (PPP) အမြင်နဲ့ ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်တွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် တာဝန်ပေးအပ်မှာကြားခဲ့သည့် အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင်နေရာများ၊ သဘာဝရင်းမြစ်များရှိသည့် နေရာများကို အခြေခံပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ လိုပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဟာ ဝန်ဆောင်မှုကို အခြေခံသည့်အတွက် ဝန်ဆောင်မှု ကောင်းမွန် တိုးတက်စေရေး ဆောင်ရွက် ကြရန်လည်း အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စံနှုန်းများဖြစ်တဲ့ Health and Safety Protocol အတိုင်း လိုက်နာဝန်ဆောင်မှု ပေးဖို့ လိုအပ်မှာဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များအနေနဲ့ Health and Safety protocol အရ National Level Certificate များရရှိရန် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ပေးတဲ့ ဝန်ဆောင်မှုအပေါ် ခရီးသည်ရဲ့ စိတ်ကျေနပ်မှုရှိ/မရှိ အခြေအနေကိုလည်း သိရှိသုံးသပ်နေသင့်ပါကြောင်း၊ ခရီးသည်များ လှုပ်ရှားဆောင်ရွက်နိုင်မည့် ဒေသနဲ့ကိုက်ညီတဲ့ Tourism Activities များ၊ ခရီးစဉ် လမ်းကြောင်းများ၊ Tourism route များ စနစ်တကျဖော်ထုတ်ပြီး Social Media များမှာ လွှင့်တင်ကြော်ငြာခြင်းဖြင့် ခရီးစဉ်ဒေသ လူကြိုက်များ လာနိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေနိုင်တဲ့အတွက် ပို့ဆောင် ဆက်သွယ်ရေး၊ စားသောက်ဆိုင်များ၊ တည်းခိုနေထိုင်ရေး အစရှိတဲ့ လုပ်ငန်းများ၏ သတင်းအရင်းအမြစ် တွေကို ထိရောက်စွာဖြင့် ဖြန့်ဝေဖလှယ် ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးကို ခရီးသွားလုပ်ငန်းဆိုင်ရာ ပင်မအချက်အချာ နေရာတစ်ခု ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့အသင်း၊ မိမိတို့လုပ်ငန်း အောင်မြင်စေရန် ဆောင်ရွက်ရင်းက မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွား လုပ်ငန်းဖြင့် စီးပွားရေး တိုးတက်စေရန်နှင့် မကွေးတိုင်းဒေသကြီးကို Tourist Site တစ်ခုအဖြစ် အောင်မြင်အောင် ဖော်ဆောင်နိုင်ဖို့ ဖြစ်နိုင်ချေရှိတဲ့ ခရီးစဉ်ဒေသအသစ်များအား ဖော်ထုတ်ခြင်း၊ ရှိပြီးသား ခရီးစဉ်ဒေသများကို မြှင့်တင်ဆောင်ရွက်ရာမှာ မိမိတို့ဒေသအတွက်သာလျှင် ဖြစ်တယ် ဆိုတဲ့ ခံယူချက်နဲ့ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြဖို့ မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးသည် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)မှ Health and Safety Protocol အစီအစဉ်အရ လမ်းညွှန်ချက်များနှင့် ကိုက်ညီသည့် ဟိုတယ်များအား တိုင်းဒေသကြီး အဆင့် အသိအမှတ်ပြု လက်မှတ် Regional Level များကို ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် များအသင်း (မကွေးဇုန်) ဥက္ကဋ္ဌ ဦးစံထွေးမှ လက်ခံရယူခဲ့သည်။
ယင်းနောက် ဒေသတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)ဥက္ကဋ္ဌ ဦးစံထွေးမှလည်းကောင်း၊ တက်ရောက်လာသော လုပ်ငန်းရှင်များကလည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ယူ ရိုက်ကူးထားရှိသည့် ခရီးစဉ်ဒေသ မြှင့်တင်မည့် Video Clip အပိုင်းများကို ဝိုင်းဝန်းကြည့်ရှု တည်းဖြတ် အကြံပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment