Pages

Pages

ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်း၊ ဖူဆယ်အားကစားကွင်း သစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်


MNP ၊ မတ် ၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မော်လမြိုင်မြို့၊ လူငယ်သင်တန်း ကျောင်း၊ ဖူဆယ်အားကစားကွင်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ် (၁၇) ရက် နံနက်ပိုင်းက အဆိုပါ လူငယ်သင်တန်းကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သင်တန်းသားများနှင့်တွေ့ဆုံ၍ ကျောင်းသားများ အနေဖြင့် မည်သည့် အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြသည်ဖြစ်စေ ရည်မှန်းချက်ထားပြီး ထူးချွန်သော ကျောင်းသားများ ဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုအား ကြိုးစားသင်ယူကြရန် လိုကြောင်း၊ သို့မှသာ မိမိဘဝရပ်တည်နိုင်ရေး အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ နောင်အနာဂတ်ကောင်းရန် လိုကြောင်း တိုက်တွန်းပြောကြားပြီး လူငယ်သင်တန်းကျောင်းရှိ မီးဖိုဆောင်၊ ထမင်းစားဆောင်နှင့် ကျောင်းသားအိပ်ဆောင်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်ချက် များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့ အိမ်တွင်းမှုသင်တန်း ကျောင်းရှိ၊ စက်ချုပ် သင်တန်းကျောင်းတွင် သင်တန်းအမျိုးအစား(၆)ခု၌ တက်ရောက်ပညာ သင်ကြားလျက်ရှိသော သင်တန်းသူ (၁၀၈)ဦး၏ လက်တွေ့စက်ချုပ်လုပ်နေမှုနှင့် မုန့်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် လိုက်နာရမည့်စည်းကမ်းများ၊ လေ့လာကြိုးစား အားထုတ်မှုလိုအပ်ချက်များ၊ ထားရှိရမည့် သဘောထားများကို ရှင်းလင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူးက သိုလှောင်ရုံရှိ ထောက်ပံ့ရေးပစ္စည်းများကို လိုက်လံရှင်းလင်းပြသရာ ဒုတိယဝန်ကြီးက လိုအပ်ချက် များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန မွန်ပြည်နယ်ရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာ စကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်လိုကြောင်း၊ အမြဲမပြတ်လေ့လာ ကြိုးစားနေရန်လိုကြောင်း၊ ဝန်ထမ်းများ အသစ်ခန့်ရာတွင်လည်း ဒေသခံများအား ဦးစားပေးခန့်ထားလိုကြောင်း၊ ဘေးအန္တရာယ် ကျရောက်လာလျှင် ပြည်သူကိုကူညီရန် အသင့်ဖြစ်နေရမည်ဖြစ်ကြောင်း မှာကြားပြီး မူလတန်းကြိုကျောင်း အမှတ်(၁)၊ (၂)၊ (၃)နှင့် ကလေးပြုစုရေး ဌာနတို့ကို သွားရောက်စစ်ဆေးသည်။

မတ် ၁၈ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံးရှိ သိုလှောင်ရုံအား စစ်ဆေးပြီး မူလတန်းကြို ကျောင်း အမှတ် (၁)သို့ သွားရောက်၍ ကလေးငယ်များအတွက် ဘက်စုံ ဖွံ့ဖြိုးမှုကိုအခြေခံသော လေ့ကျင့် သင်ကြားပေးနေမှုကိုလည်းကောင်း၊ မူလတန်းကြိုကျောင်း အမှတ်(၂)တွင် ကလေးများအားလေ့ကျင့်ပြုစု ပျိုးထောင်ပေးနေမှုများ ကိုလည်းကောင်း  ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ဘားအံမြို့ရှိ  တောင်ကလေးစံဖရီးတိုးချဲ့ကွက်သစ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်းသို့ သွားရောက်၍ ရေရရှိရေး၊ စိမ်းလန်းသစ်ပင်စိုက်ပျိုးရေး၊ ဝန်ထမ်းများ၏လုံခြုံရေး၊ ရုံးလုပ်ငန်းများအဆင်ပြေ ချောမွေ့စေရေးနှင့် သင်တန်းသားများ လက်ခံရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သောကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင်  ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းများ သည် လူသားချင်းစာနာထောက်ထားမှုအတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သဖြင့် ရပ်ထား၍ မရကြောင်း၊   ဝန်ထမ်းများအနေဖြင့် မိမိအရည်အချင်းကို အမြဲအပြတ်မြှင့်တင်နေရန် လိုအပ်ကြောင်း ရှင်းလင်းပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment