ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် အမှတ် (၂ /၂၀၂၂) - Myanmar National Post

Myanmar National Post

News Agency

Breaking

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် အမှတ် (၂ /၂၀၂၂)


မြန်မာနိုင်ငံက ပါဝင်ထောက်ခံမဲပေးခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့သော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ် ၃ ၌ “လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ် လုံခြုံခွင့် ရခွင့်ရှိသည်။” ဟု အသိအမှတ်ပြု ဖော်ပြပါရှိပါသည်။

အလားတူ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ထားသော အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ် ၃၈ တွင်လည်း “အာဆီယံနိုင်ငံများရှိ ပြည်သူအားလုံးနှင့် လူတိုင်းတွင် ငြိမ်းချမ်းရေးကို ရရှိခံစားခွင့်ရှိကြသည်။” ဟု အသိအမှတ်ပြု ဖော်ပြပါရှိပါသည်။

ယင်းအခွင့်အရေးများကို အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်သော ဦးစားပေး အခြေအနေတစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး မရရှိခဲ့သဖြင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း နိုင်ငံသားများအတွက် ဆိုးရွားသော ဆုံးရှုံးနစ်နာမှုများနှင့် အခက်အခဲများစွာ ဖြစ်ပေါ်စေခဲ့သည်ကို အလွန်အမင်း အလေးထားဖော်ပြရန် မလိုအပ်တော့ပါ။ မြန်မာနိုင်ငံရှိ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်သစ်များ၏ အကျိုးစီးပွားအတွက် ယင်းကဲ့သို့ ကံအကြောင်းမလှသည့် အခြေအနေများကို အပြီးအပြတ်နှင့် ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွားရန် အချိန်တန်ပြီ ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လူကိုယ်တိုင်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်မှုသည် လမ်းကြောင်းမှန်ကို ရှေ့ရှု၍ ကြီးမားသော ခြေလှမ်းလုပ်ဆောင်ချက် တစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြသူအားလုံးက အမိအရ ရယူအသုံးချရမည့် အခွင့်အခါကောင်း တစ်ရပ်လည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်အလို့ငှာ မျှော်မှန်းထားသည့် ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ အလုံးစုံဖြစ်ပေါ်လာရေး ဖြစ်နိုင်သမျှ အခြေအနေများကို ကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးကြပါရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းအပ်ပါသည်။


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)