MNP - ဧပြီ ၁၂
ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်ရှေ့တွင် မဟာသင်္ကြန်ပွဲတော်ကြီးဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ၁၃ ရက်နေ့တွင်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း အမိန့်ကြေညာချက်ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။ အမိန့်ကြေညာချက်တွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် လူမျိုးရေး၊ ဘာသာရေး စသောအများ ပြည်သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် ပြုမူပြောဆိုခြင်းများနှင့် ခရီးသွားပြည်သူများ စိုးရိမ်ထိတ် လန့်စေရန် သွေးတိုးလှုံ့ဆော်ဝါဒဖြန့်မှုများ မပြုလုပ်ကြရန်၊ တရားဥပဒေနှင့်အညီ တာဝန်ထမ်းဆောင် ကြသူများကို ဟန့်တားခြင်းနှင့်သက်ဆိုင်ရာ နိုင်ငံတော်အစိုးရအား ဆန့်ကျင်ဆန္ဒပြစေရန်နှင့် ဆူပူမှုဖြစ်အောင်သွေးထိုးလှုံ့ဆော်ပြုမှုပြောဆိုခြင်းများ မပြုလုပ်ကြရန်၊ မည်သူမဆိုယာဉ်ပေါ်တွင် လည်းကောင်း၊ ခန္ဓာကိုယ်တွင်လည်းကောင်း တုတ်၊ ဓား၊ လက်နက်များ ယူဆောင်လာခြင်းများ မပြုလုပ်ကြရန် စသောကြေညာချက် ၁၃ မျိုးကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
ယနေ့တွင် ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် အစမ်းလေ့ကျင့်ခြင်းများပြုလုပ်ရန် သတ်မှတ် နေရာများတွင် စည်းကမ်းတကျ ကပြသီဆိုနိုင်ရေး ကော်မတီအဖွဲ့များမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည်။ မဏ္ဍပ်တည်ဆောက်ရေးအပိုင်းတွင် တာဝန်ယူထားကြသူများမှလည်း သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment