တာမွေမြို့နယ်တွင် အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်တွင် အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ




MNP - ဧပြီ   ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ကျင်းပသော ၁၃၈၄-ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက် (၉၅)နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း အချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များမှ မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲကို ဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆို၍ စတင် ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကိုးအောင်က အသက်(၉၅)နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပမှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ရှိခိုးကန်တော့ခဲ့ကြသည်။ ထို့နောက် ကန်တော့ခံ အဘိုးအဘွားများက ဆုံးမသြဝါဒစကား ပြန်လည်ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ အဘိုး(၁၅)ဦးနှင့် အဘွား(၆၀)ဦး စုစုပေါင်း အဘိုးအဘွား (၇၅)ဦးတို့အား ကန်တော့ခံပစ္စည်းများ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းဝင်များ၊ ကန်တော့ခံအဘိုးအဘွားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း - နိုင်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)