Pages

Pages

မိုးနဲမြို့နယ် လွိုင်ချိုကျေးရွာအုပ်စု လူရုပ်တောင်ပေါ်၌ ပဠာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ



MNP -  ဧပြီ    ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနှစ် သင်္ကြန်ကာလအတွင်း လွိုင်ချိုကျေးရွာအုပ်စု၊ လူရုပ်တောင်ပေါ်၌ ကျင်းပဆောင်ရွက်မည့် ပဠာန်းရွတ်ဖတ်ပူဇော်ပွဲအား အဆင်ပြေ ချောမွေ့စွာနှင့် နှစ်စဉ်မပျက်ကျင်းပနိုင်ရန်အတွက် ယမန်နေ့ ညနေ ၃ နာရီ အချိန်က လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာတွင် ရှေးဦးစွာ အခမ်းအနား အစီအစဉ်များကို သာသနာရေးဦးစီးမှူးမှ ဖတ်ကြားပေးခဲ့ပြီး အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြကာ မြို့နယ် ဩဝါဒါစရိယဆရာတော်နှင့် မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်တို့မှ ဩဝါဒကထာ မြွက်ကြားပေးခဲ့သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်မှလည်း လူရုပ်တောင်ပေါ်တွင် ဆောင်ရွက်မည့် ပဠာန်းရွက်ဖတ်ပူဇော်ပွဲကို နှစ်စဉ် နှစ်တိုင်း ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရပ်နားထားခဲ့ရသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါလျော့နည်းလာသည့်အတွက် တပည့်တော်နှင့် ဒကာ၊ ဒကာမတို့ အနေနှင့်လည်း တောင်ပေါ်တွင် ပဠာန်းရွက်ဖတ်ပူဇော်ပွဲ ပြန်လည်ကျင်းပဖို့ ဆန္ဒတွေရှိကြပါတယ်ဘုရား၊ ပဠာန်းပွဲ ဖြစ်မြောက်ရေးနှင့် ဆွမ်း အခက်အခဲမရှိစေရေးအတွက် ဂေါပကအဖွဲ့များ၊ အကျိုးဆောင်များ၊ အလှူရှင်များ၊ ဌာနဆိုင်ရာ များနှင့် ပူးပေါင်းပြီး အဆင်ပြေပြေဖြစ်အောင် ဆောင်ရွက်သွားပါမယ်ဘုရားဟု လျောက်ထားခဲ့ပြီး ဂေါပကအဖွဲ့ ဆရာဦးအောင်ဖေနှင့် လာရောက်ကြသည့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အလှူရှင်များမှလည်း ထပ်မံဆွေးနွေးလျှောက်ထားခဲ့ကြကာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပြီး နမောတဿ (၃) ကြိမ် ရွတ်ဖတ်၍ သံဃာတော်များအား ပြန်လည်ကန်တော့ခြင်းကို ဆောင်ရွက်ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဠတု (၃) ကြိမ် ရွတ်ဆို ဆုတောင်း၍ အစည်းအဝေး ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို အစီအစဉ် ၉ ချက်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး သံဃာတော် (၃) ပါးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ဌာနဆိုင်ရာ ဦးစီးမှူးများ အပါအဝင် စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်း - ဇင်ကိုကို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment