MNP - ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၈) ရက် နေ့ည (၇) နာရီ အချိန်ခန့်တွင် ရပ်ကွက်/ ကျေးရွာအချို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျခြင်း၊ ဓာတ်တိုင်များလဲပြိုခြင်း၊ လူနေအိမ်အချို့ အမိုးလန် ပျက်ဆီး ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် တရုတ်စုရပ်ကွက် လူနေအိမ် (၃) လုံး၊ ကြက်မျှားကျေးရွာ အုပ်စုတွင် လူနေအိမ် (၁) လုံး၊ ကံဆွယ်ကျေးရွာတွင် လူနေအိမ် (၄) လုံး၊ မြောင်းဆုံငယ် ကျေးရွာ တွင် လူနေအိမ် (၁) လုံး၊ မြောင်းဆုံကြီးကျေးရွာတွင် လူနေအိမ်(၃)လုံး၊ မုန့်ပေါင်းကျေးရွာတွင် လူနေအိမ် (၁) အိမ်၊ သင်္ဂတုံကျေးရွာတွင် လူနေအိမ် (၁) လုံး၊ ဥယျာဉ်ကြီးကျေးရွာတွင် လူနေအိမ် (၃) လုံး၊ သိန္နီကုန်းကျေးရွာတွင် လူနေအိမ် (၃) လုံးနှင့် ဧည့်ပြကျေးရွာတွင် လူနေအိမ် (၃) လုံး စုစုပေါင်းလူနေအိမ် (၂၃) လုံးတို့သည် အမိုးများလန်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တရစ္ဆာန်များ ထိခိုက်ပျက်ဆီးမှုမရှိကြောင်းနှင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျနေမှုနှင့် အမိုးလန်အိမ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ စုပေါင်း၍ ဓာတ်တိုင်များ ပြန်လည်ပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းနှင့် နေအိမ် များအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဝင်းဝင်းသန်း
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment